Nan Nilar Htaik
Distribution
06/02/2025
အောင်မြင်ခြင်းနဲ့ တင်းတိမ်ရောင့်ရဲမှုကြားက တကယ့်ပျော်ရွှင်ခြင်းအစစ်အမှန်ကဘာလဲ
လူတွေကို ဘာလို့ကြိုးစားနေကြတာလဲလို့မေးရင် ပျော်ရွှင်ဖို့လို့ ပြန်ဖြေကြပါလိမ့်မယ်။ ကလေးဘဝ၊ လူငယ်ဘဝ၊ လူကြီးဘဝ အသက်အရွယ်တစ်ခုရောက်လေ ကြိုးစားရတဲ့အရာတွေလည်း ပြောင်းလဲလာလေပါပဲ။
ဒီတော့ အောင်မြင်လို့ပျော်ရွှင်နေတာလား၊ ပျော်ရွှင်ရလို့ အောင်မြင်တယ်လို့ခံစားရတာလားဆိုတာ ကျွန်မတို့ကိုယ်တိုင်လည်း မသိကြပါဘူး။
ကျွန်မတို့စိတ်ထဲမှာ သတ်မှတ်ထားကြတဲ့ အောင်မြင်တယ်ဆိုတဲ့ အခြေအနေတခုရောက်ရင် ပျော်ရွှင်ကြလေ့ရှိပါတယ်။ ဒါပေမယ့် အချိန်တစ်ခုကြာလာတဲ့အခါ ဒီအောင်မြင်မှုထပ် ပိုပြီးတော့ကြီးမားတဲ့ အောင်မြင်မှုတစ်ခုကို ရယူဖို့ကြိုးစားကြပြန်ပါတယ်။
ကြိုးစားချင်စိတ်ရှိတာဟာ မကောင်းတဲ့အရာတော့မဟုတ်ပါဘူး၊ ဒါပေမယ့် ကိုယ့်မှာရှိတဲ့အရာကိုတော့ အချိန်တခုရောက်တိုင်း မေ့ထားမယ်ဆိုရင် ကိုယ့်ရဲ့ပျော်ရွှင်မှုဟာ ဘယ်တော့မှ မတည်မြဲနိုင်ပါဘူး။
ဒါက အရုပ်တစ်ခုလိုချင်လို့ ပူဆာတတ်တဲ့ကလေးက ဒီအရုပ်လည်းရရော တန်ဖိုးမထားပဲ တခြားအရုပ်အသစ်တွေကိုပဲ ထပ်လိုချင်နေတာနဲ့ သွားတူနေပါလိမ့်မယ်။ သူငယ်ချင်းတွေဆီမှာရှိတာမျိုး ကိုယ့်မှာရှိရင်လည်း ပျော်ရမယ်လို့ ထင်ပြီး ကိုယ့်မှာရှိပြီးသားအရာတွေကို တန်ဖိုးမထားတတ်တာမျိုးပေါ့။
ကျွန်မတို့ဘဝကိုလည်း ဒီလိုမျိုးပဲရှင်သန်နေမယ်ဆိုရင် ကျွန်မတို့ရဲ့ပျော်ရွှင်မှုအစစ်အမှန်ဟာ ဘာလဲ ရှာရခက်သွားပါလိမ့်မယ်။ အမြဲတမ်းအောင်မြင်မှုလမ်းကြောင်းပေါ်လိုက်ရင်း ကိုယ့်မှာရှိပြီးသားအရာတွေကိုလည်း တန်ဖိုးမထားတတ်ဖြစ်လာပါလိမ့်မယ်။
ဒါကြောင့် ကျွန်မတို့အနေနဲ့ ကိုယ့်ဘဝအတွက် အောင်မြင်ဖို့ကြိုးစားတာဟာ မကောင်းတဲ့အရာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ကိုယ့်မှာရှိတာကိုလည်း ရောင့်ရဲပြီး တန်ဖိုးထားတတ်မှသာ ဘဝရဲ့ပျော်ရွှင်မှုအစစ်အမှန်ကို ခံစားရမှာပါ။
05/02/2025
တစ်ယောက်တည်းဖြစ်ရမှာ မကြောက်ပါနဲ့
လူတွေက အထီးကျန်ခြင်းဆိုတဲ့ စကားလုံးကိုကြားရင် အနည်းငယ်တော့တုန်လှုပ်သွားတတ်ကြပါတယ်။ တစ်ယောက်တည်းရှင်သန်ရမှာ၊ ဘေးနားမှာဘယ်သူမှမရှိမှာကို လူတိုင်းလူတိုင်းကြောက်တတ်ကြပါတယ်။ ဒါပေမယ့် အထီးကျန်ခြင်း၊ တနည်းအားဖြင့် ကိုယ်ကိုယ်တိုင်အတွက်ကိုယ်တစ်ယောက်တည်းရှိနေခြင်းက အားသာချက်တွေတော့ ရှိနေပါသေးတယ်။
တစ်ယောက်တည်းဖြစ်တဲ့အတွက် ကိုယ့်ရဲ့အလုပ်တာဝန်တွေ၊ လုပ်သင့်လုပ်ထိုက်တာတွေ၊ ကိုယ်လုပ်ချင်နေတဲ့အရာတွေအပေါ်မှာ အပြည့်အဝအာရုံစိုက်ထားလို့ရပါတယ်။ ကိုယ်တစ်ယောက်တည်းပဲဖြစ်နေတာဟာ အထီးကျန်ကောင်းကျန်နိုင်ပေမယ့် ကိုယ်ကိုယ်တိုင်အပေါ်မှာပဲ အာရုံစိုက်ဖြစ်တော့မှာဖြစ်ပါတယ်။
ကိုယ်တစ်ယောက်တည်းဖြစ်နေတဲ့အချိန်ဟာ ကိုယ့်ကိုယ်ကိုပြန်ရှာတွေ့ဖို့ အကောင်းဆုံးအချိန်ပဲဖြစ်ပါတယ်။ ကိုယ့်ရဲ့ ဘယ်သူ့အပေါ်မှာမှမမှီခိုပဲ ရရှိလာတဲ့ပျော်ရွှင်ခြင်းအစစ်အမှန်တွေကိုလည်း သေချာသိလာနိုင်ပါတယ်။ ဒီအခြေအနေတွေကနေ ကိုယ့်ကိုယ်ကိုပိုတိုးတက်စေပြီးတော့ အတွေးအမြင်အသစ်တွေ၊ ဖန်တီးမှုအသစ်တွေနဲ့ စိတ်ရဲ့အေးချမ်းမှုကိုလည်း ရယူနိုင်ပါတယ်။
တစ်ယောက်တည်းဖြစ်နေတဲ့အချိန်မှာ တခြားသူတွေနဲ့ အတင်းကြီးရင်းနှီးအောင် လိုက်လုပ်နေစရာမလိုပါဘူး။ တစ်ယောက်တည်းစာဖတ်၊ လမ်းလျှောက်၊ အားကစားလုပ်ရင်းနဲ့လည်း ကိုယ့်ရဲ့လစ်ဟာနေတဲ့ကွက်လပ်ကိုဖြည့်စည်းပေးနိုင်ပါလိမ့်မယ်။
ပုံမှန်တခြားသူတွေနဲ့အတူရှိနေရင်းကနေ ကိုယ်တစ်ယောက်တည်းဖြစ်သွားတဲ့အခါမှာတော့ အထီးကျန်တယ်လို့ထင်ကောင်းထင်သွားနိုင်ပါတယ်။ ဒါပေမယ့်ဒါဟာ တစ်ယောက်တည်းအထီးကျန်ပြီး ပျင်းစရာကောင်းတဲ့ဘဝကို ဖြတ်သန်းရမယ်ဆိုတာထက် ကိုယ်ကိုယ်တိုင်အတွက်ပဲအာရုံစိုက်ပြီးတော့ တိုးတက်ဖို့အတွက် ကြိုးစားလို့ရမယ့် အချိန်ကောင်းတစ်ခုလို့သတ်မှတ်စေချင်ပါတယ်။
31/01/2025
သင့်ရဲ့ ပျော်ရွှင်မှုက ဘာလဲ?
# Relationship
Relationship နှင့် ပါတ်သတ်သော ကံအကြောင်းတရားများ
21/01/2025
အဆင်မပြေလည်းရပါတယ်
ဘဝမှာရှင်သန်နေရင်းနဲ့ အဆင်မပြေတာတွေ၊ အခက်အခဲတွေကြုံရလေ့ရှိပါတယ်။ ဒီလိုပြဿနာတွေဆိုတာ လူတိုင်းကြုံရတဲ့ကိစ္စပဲဖြစ်ပါတယ်။ လူဆိုတာ အမှားနဲ့မကင်းပါဘူး၊ အမြဲတမ်းကြီးလည်း အဆင်ပြေမနေနိုင်ပါဘူး။
အဆင်မပြေတဲ့အချိန်တွေမှာ ကိုယ့်ကိုယ်ကိုဖိအားတွေတအားပေးနေမှာထက်စာရင် ခနလောက်အနားယူကြည့်ပါ။ တခါတလေကြရင် ကျွန်မတို့စိတ်ခံစားချက်ကိုလည်း အနားပေးဖို့လိုအပ်ပါတယ်။
ကျွန်မတို့လူသားတွေက စက်ရုပ်တွေမဟုတ်တဲ့အတွက်ကြောင့် စိတ်ခံစားချက်ဆိုတာရှိပါတယ်။ အလုပ်အဆင်မပြေတဲ့နေ့တွေ၊ စိတ်အဆင်မပြေတဲ့အချိန်တွေ၊ ဘာလုပ်လုပ်အဆင်မပြေတဲ့အခိုက်အတန့်တွေဆိုတာ လူသားမှန်ရင် ကြုံရလေ့ရှိပါတယ်။
ဒါကို ကျွန်မတို့ကအဆင်မပြေရကောင်းလားဆိုပြီးတော့ ကိုယ့်ခံစားချက်ကို stressတွေ၊ negative thoughtsတွေပဲ ပေးနေမယ်ဆိုရင် ပြင်ပအဆင်မပြေမှုတင်မဟုတ်ပဲ စိတ်ကျန်းမာရေးကိုပါ ထိခိုက်လာနိုင်ပါတယ်။ ခံစားချက်တွေကို ချုပ်ထိန်းလွန်းရင်လည်းရောဂါဖြစ်တတ်ပါတယ်။
ခံစားချက်ဆိုတာ ချုပ်ထိန်းရတာမဟုတ်ပါဘူး၊ ဖြေလျှော့ရတာပါ။ ပြဿနာတွေ၊ အခက်အခဲတွေဆိုတာ စိတ်ညစ်ဖို့မဟုတ်ပါဘူး ဖြေရှင်းဖို့ပါ။ အဆင်မပြေတာတွေကြုံရတဲ့အခါ အရင်ဦးဆုံးအနားယူလိုက်ပါ၊ အ့ဒီ့နောက်မှာ စိတ်အေးအေးထားပြီးဖြေရှင်းဖို့ အဖြေရှာကြည့်ပါ။
ဘဝဆိုတာ အနိမ့်အမြင့်အတက်အကျရှိပါတယ်၊ အမြဲတမ်းအဆင်ပြေနေမှာမဟုတ်တဲ့ဘဝကို ဘာပဲဖြစ်ဖြစ်လိုက်ခံစားနေမယ်ဆိုရင် ကိုယ်ပဲစိတ်ပင်ပန်းရမှာပါ။ ခံစားသင့်တဲ့အချိန်မှာခံစားပြီး လွှတ်ချထားသင့်တဲ့အချိန်မှာလွှတ်ချထားပါ။ ကိုယ့်ဘဝကိုသိနေသရွဲ့၊ ကြိုးစားနေသရွဲ့တော့ အဆင်မပြေတာတွေကြုံရလည်းဖြစ်ပါတယ်။
20/01/2025
အိမ်မက်တွေအမှန်ဖြစ်တည်လာဖို့ အကောင်းဆုံးနည်းလမ်းက အခုချက်ချင်းထလုပ်တာပါ
ကျွန်မတို့မှာ ရည်ရွယ်ချက်တွေ၊ အိမ်မက်တွေများစွာရှိပါတယ်။ ဒါပေမယ့် ဒီရည်ရွယ်ချက်တွေအမှန်တကယ်ဖြစ်တည်လာဖို့အတွက်ကြတော့ သေချာလုပ်ဆောင်နိုင်ခြင်းမရှိကြပါဘူး။ ဘာလို့လဲဆိုတော့ ဆင်ခြေတွေများနေလို့ပါ၊ ဒါရှိမှလုပ်မယ်၊ ဒါရှိမှဖြစ်မယ်ဆိုတဲ့ အကြောင်းပြချက်များစွာတွေကြောင့် ကျွန်မတို့သွားချင်တဲ့ခရီးကရှေ့မဆက်နိုင်ဖြစ်နေတာပါ။
အကြောင်းပြချက်ပေးပါများနေရင် လူကိုယ်တိုင်ကပါပျင်းမှန်းမသိ ပျင်းလာပါလိမ့်မယ်။ ဒီလိုနဲ့အလုပ်တစ်ခုလုပ်ဖို့ အကြောင်းပြချက်ပေး၊ ပျင်းလာတော့ လုပ်လို့ရတဲ့အခြေအနေရောက်ပြန်တော့လည်း နောက်အကြောင်းပြချက်တစ်ခုထပ်ရှာပြီး အချိန်ဆွဲမှန်းမသိဆွဲမိနေပါလိမ့်မယ်။
ကိုယ့်ကိုယ်ကိုပြောင်းလဲဖို့ မနက်ဖြန်ကစပြီးကြိုးစားတော့မယ်မဟုတ်ပဲနဲ့၊ အခုကစပြီးကြိုးစားကြည့်ပါ။ ခရီးတစ်ခုရဲ့အစက အစီအစဉ်ဆွဲနေတာတွေ၊ လိုအပ်မယ်ထင်တာတွေကို ဖြည့်ဖို့စောင့်နေရတာကြာလာရင် အ့ခရီးကတော်တော်နဲ့သွားဖြစ်မှာမဟုတ်ပါဘူး။
ဒီလိုပဲ ကိုယ်ကတစ်ခုခုလုပ်တော့မယ်လို့ ဆုံးဖြတ်ထားပြီးပြီဆိုရင် တော်သင့်ရုံလောက်အစီအစဉ်ဆွဲပြီး ရောက်နေတဲ့နေရာကနေ စလုပ်သင့်ပါတယ်။ အစီအစဉ်သေချာမဆွဲထားတဲ့ အလုပ်တစ်ခုကအဆင်မပြေနိုင်ဖူးဆိုတာတော့ သိပါတယ်။ ဒါပေမယ့် အခုချက်ချင်းစလုပ်လိုက်တဲ့အကျိုးဆက်က ဒီအလုပ်မှာငါဘာတွေလုပ်ဖို့လိုနေတာလဲ၊ ဘာတွေပြင်ဖို့လိုနေတာလဲပါ အလွယ်တကူသိရှိနိုင်ပါတယ်။
အချိန်တွေဆွဲပြီးမလုပ်ဖြစ်တာထက်စာရင်၊ အခုချက်ချင်းထလုပ်လိုက်တာက action တစ်ခုကိုဖြစ်ပေါ်လာစေမှာပါ။ အ့တာကြောင့်လည်း အတွေးများများတွေးပြီး စဉ်းစားနေတာထက် စဉ်းစားမိတာကို ချက်ချင်းအကောင်အထည်ဖော်တဲ့သူက ပိုပြီးတော့အောင်မြင်နိုင်ချေရှိပါတယ်။ ကျရှုံးမှုတွေ၊ ပြဿနာတွေရင်ဆိုင်ရရင်လည်း ဒီအခက်အခဲနဲ့ပတ်သက်ပြီး အချိန်ဆွဲမနေပဲ ချက်ချင်းဖြေရှင်းနိုင်လေ့ရှိပါတယ်။
ဒါကြောင့် ကျွန်မတို့အနေနဲ့ ကိုယ်လုပ်ချင်တာရှိရင် အတွေးတွေများပြီး အစီအစဉ်တွေပဲဆွဲနေတာထက် အလုပ်တစ်ခုကိုချက်ချင်းကောက်လုပ်လိုက်တာက results ကိုမြန်မြန်မြင်ရပါလိမ့်မယ်။ ဒီဟာကိုလုပ်လိုက်ပြီဆိုတဲ့ ခံစားချက်နဲ့အတူလည်း ရှေ့ဆက်လုပ်ဖို့တွန်းအားတစ်ခုရလာပါလိမ့်မယ်။
ကျွန်မတို့ရဲ့အိမ်မက်ရည်မှန်းချက်တွေအမှန်တကယ်ဖြစ်တည်လာဖို့က ကျွန်မတို့ကိုယ်တိုင်မှာပဲတာဝန်ရှိတာပါ။ စဉ်းစားမိတဲ့အတွေးတွေ၊ လုပ်ချင်တဲ့စိတ်ကူးတွေရှိရင် ရောက်တဲ့နေရာကနေချက်ချင်းလုပ်ဆောင်ဖို့ ကြိုးစားပြီးပြင်ဆင်ကြည့်ပါ။
19/01/2025
ပျော်ရွှင်မှုကိုရယူဖို့ လွယ်ရဲ့လား
ကျွန်မတို့တွေက တချိန်ချိန်မှာပျော်ဖို့အတွက်ဆိုပြီး ကြိုးစားကြတယ်၊ အလုပ်တွေလုပ်ကြတယ်။ ငွေကြေးပြည့်စုံနေရင်၊ ပညာတွေပြည့်စုံနေရင် ပျော်နိုင်လိမ့်မယ်လို့ ထင်ကြတယ်။ တကယ်လည်း ငွေကြေးပြည့်စုံနေတဲ့အခါ၊ လိုချင်တာတွေရနေတဲ့အခါမှာ ပျော်နိုင်တာကမှန်တော့မှန်ပါတယ်။
ဒါပေမယ့် ငွေကြေးပြည့်စုံတယ်ဆိုတာဘာလဲ၊ လိုချင်တာတွေရတယ်ဆိုတာကရော၊ ပညာပြည့်စုံတယ်ဆိုတာကရော တိကျသေချာပြီးတော့ အဆုံးသတ်အဖြေဆိုတာရှိရဲ့လား။
လူတွေက အဆင်မပြေတဲ့ဘဝမှာရောက်နေရင် အဆင်ပြေရင်တော်ပါပြီဆိုပြီးပြောကြတယ်။ အဆင်ပြေတဲ့ဘဝရောက်တော့ ငွေကြေးအနည်းငယ်ချမ်းသာပြီးတော့ လိုချင်တာလေးဝယ်နိုင်ရင် ပျော်နိုင်မယ်ထင်တယ်လို့ ပြောကြပြန်ရော။ အ့တာနဲ့ ငွေကြေးအနည်းငယ်ရှိလာတော့ ငါဒီထက်ပိုပြီး ချမ်းသာနိုင်တယ်၊ ချမ်းသာကြွယ်ဝတဲ့လူတွေရဲ့ ဘဝမှာတိုးဝင်နိုင်ရင် ပိုပြီးတော့ ပျော်ရမယ်လို့ထင်လာကြတယ်။
ဒါပေမယ့် တကယ့်တကယ်ကြတော့ ကိုယ်လိုချင်တဲ့နေရာတစ်ခုရောက်တဲ့အခါ အ့ရောက်နေတဲ့နေရာမှာ တည်မြဲနေဖို့ဆက်ကြိုးစားကြပြန်ရော၊ အ့နေရာထက် ပိုတစ်ဆင့်မြှင့်တဲ့နေရာရောက်ဖို့ ထပ်ပြီးရုန်းကန်ကြပြန်ပါတယ်။ ကျွန်မတို့လူအများစုက ဒီလိုနဲ့ပဲ ဘဝကိုလည်ပတ်နေတာပါ။
ဒီလိုနဲ့ အတောမသတ်နိုင်တဲ့ ကျွန်မတို့ရဲ့လူ့လောဘက ပျော်ရွှင်မှုကို နောက်ကိုပို့ပို့လာတတ်တယ်။ သူငယ်ချင်းတွေနဲ့တွေ့ဖို့၊ မိသားစုအပေါ်အချိန်ပေးဖို့၊ ဝါသနာပါတာတွေလုပ်ဖို့၊ အိပ်ရေးဝဝအိပ်ဖို့၊ ကိုယ့်ကိုယ်ကို entertaining လုပ်ဖို့ စတာတွေမေ့လာတယ်၊ အချိန်မပေးဖြစ်တော့ဘူး။
တကယ်ကလည်း ဒီလိုပျော်ရွှင်မှုအတွက်လုပ်ဖို့လိုအပ်တဲ့အရာတွေက ပိုက်ဆံရှိမှဖြစ်တာမှန်ပေမယ့် ပိုက်ဆံပဲရှာနေတဲ့အခါမှာ ဘယ်အချိန်သွားပျော်ရမလဲ သေချာမခွဲနိုင်တော့ဘူး။
ပျော်ရွှင်မှုဆိုတာကို နောက်ပို့ထားလေ ပျော်ရွှင်ဖို့အတွက် ခက်ခဲလာလေပဲဖြစ်ပါလိမ့်မယ်။ ပျော်ရွှင်မှုကိုနောက်ပို့မထားပါနဲ့ ပျော်သင့်တဲ့အချိန်မှာပျော်ပါ၊ ပျော်ရွှင်မှုဆိုတာ မခက်ခဲပါဘူး၊ အချိန်မပေးလို့သာ ပျော်ရွှင်မှုအစစ်အမှန်ကိုမခံစားမိတာပဲဖြစ်ပါတယ်။ အ့တာကြောင့် ကျွန်မတို့အနေနဲ့ ဘဝအတွက်လုပ်တဲ့အလုပ်တွေနဲ့ ကိုယ့်ရဲ့ပျော်ရွှင်မှုကို balance ကျကျထားတတ်ဖို့လိုပါတယ်။
ဒီလိုမှသာ ကျွန်မတို့ဘဝကလည်း balance ကျပြီးတော့ အဆင်ပြေအောင်မြင်တဲ့ဘဝမျိုးမဟုတ်ပဲ အောင်မြင်ပြီးတော့ပျော်ရွှင်ကျန်းမာတဲ့ဘဝမျိုးကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Yangon
