Simple life by AMS

Simple life by AMS

Share

Simple lifestyle, Minimalism,Slow living lifestyle, Nature 🍀🌳

23/07/2026

Instagramမှာ မြေအောက်ထဲမှာ
အခန်းလိုမျိုးလုပ်ပီး သစ်သီးတွေ သစ်ဥသစ်ဖုတွေ
ယိုဗူးတွေ ပစ္စည်းထားတာတွေ တွေ့တိုင်း စိတ်ဝင်စားလို့ လိုက်ရှာတာ ကမ္ဘာမြေနဲ့ သဘာဝပတ်ဝန်းကျင်အတွက်အကျိုးကျေးဇူးတွေ အများကြီးပဲ
1.အပူချိန်တည်ငြိမ်စေဖို့ – မြေကြီးအောက်မှာ အပူချိန်က အပြင်ထက် ပိုတည်ငြိမ်တာကြောင့် အစားအသောက်တွေ ပုပ်သိုးမှုကို နှေးစေပါတယ်
2.နေရောင်မထိစေဖို့ – နေရောင်ခြည်ကြောင့် အစားအသောက်အရည်အသွေး ကျဆင်းနိုင်တာကို ကာကွယ်ပေးပါတယ်
3.စွမ်းအင်ချွေတာဖို့ – မြေအောက်အေးမြမှုကို အသုံးပြုနိုင်လို့ အအေးပေးစက် (refrigeration) သုံးစွဲရမှု လျော့နည်းပါတယ်
4.သဘာဝဘေးအန္တရာယ်နဲ့ စစ်ဘေးကာကွယ်ဖို့ – မြေအောက်သိုလှောင်ရုံတွေက လေပြင်း၊ မီးလောင်မှု၊ စစ်ဘေးစတဲ့ အန္တရာယ်တွေကနေ ပိုလုံခြုံနိုင်ပါတယ်
5.အချိန်ကြာကြာ သိုလှောင်နိုင်ဖို့ – အာလူး၊ ကြက်သွန်၊ မုန်လာဥ၊ ဂျုံ၊ ဆန် စတဲ့ အစားအသောက်တွေကို လပေါင်းများစွာ၊ တစ်ခါတလေ နှစ်ပေါင်းများစွာတောင် သိုလှောင်ထားနိုင်ပါတယ်
ဒါ့ကြောင့် မြေအောက်သိုလှောင်ရုံလုပ်ပြီး အစားသောက်ကို သိမ်းဆည်းနေကြတာဟာ ဟိုးအရင်
ခေတ်တွေကတည်းက ရှိခဲ့တာပါ😊

04/07/2026

1990ကျော်bornဖြစ်လို့ ဂုဏ်ယူစရာ အောက်မေ့စရာလေးတွေက အများသားပါ
ရှေ့မှီ နောက်မှီ bornလေးတွေပေါ့
ရည်းစားစာပေးတဲ့ခေတ်
သဘောကျတဲ့သူရှိရင် အဆောင်လာပီး ဂစ်တာတီးတတ်တဲ့ ချစ်စရာကောင်းတဲ့အလေ့အထလေးတွေနဲ့
သိပ်ပျော်စရာကောင်းခဲ့တယ်
လက်ကိုင်ဖုန်းတွေ သိပ်မပေါတဲ့ခေတ်မို့
သမီးရည်းစားဖုန်းပြောချင်ရင် တမိနစ် ဘယ်လောက်ဆိုပီး ပေးပီးပြောခဲ့ရတဲ့အချိန်လေးတွေ
သမီးရည်းစားဖြစ်ဖို့လည်း အရမ်းအချိန်ယူခဲ့ကြတဲ့အချိန်လေးတွေပေါ့
သမီးရည်းစားဖြစ်ဖို့ စကားတွေလိုက်ပြော
သူငယ်ချင်းတွေ အသိတွေကို ရည်းစားစာတွေပေးခိုင်းနဲ့ မုန့်တွေပေးခိုင်းနဲ့ MP3လေးတွေပေးခိုင်းနဲ့
တကယ့်ကို ချစ်စရာကောင်းတဲ့ပိုးပန်းမှုလေးတွေ😍
အဲ့အချိန်တုန်းက တက္ကသိုလ်ဘဝတွေကလည်း
အရမ်းကို ပျော်စရာကောင်းခဲ့တယ်
အဆောင်နေကြတဲ့ကျောင်းသူတွေဆိုလည်း အချင်းချင်း ခင်ခင်မင်မင်ရင်းရင်းနှီးနှီးနဲ့
သူငယ်ချင်းတွေ အချင်းချင်းမိတ်ဆက်ပေးရင်း
ချစ်သူတွေဖြစ်သွားကြတဲ့သူတွေလည်း အများကြီးတွေ့ဖူးတယ်
စက်ဘီးလေးတွေ စီးပီး တက္ကသိုလ် တက်တဲ့သူရှိသလို
ဆိုင်ကယ်လေးတွေ စီးပီး တက္ကသိုလ် တက်တဲ့သူတွေလည်းရှိခဲ့ကြတယ်
Viberသုံးဖို့ နှစ်သောင်းဘေပေးဆောင်မှ သုံးလို့ရခဲ့တဲ့ခေတ်😊
အဲ့အချိန်တုန်းက ကောင်မလေးဆီကအဖြေရဖို့လည်းမလွယ်သလို လမ်းခွဲပြတ်စဲတာလည်း မမြန်ကြပါဘူး
တက္ကသိုလ်ဘဝတုန်းက ညနေရောက်ပီဆို
မိန်းကလေးအဆောင်ရှေ့မှာ သက်ဆိုင်သူကိုလာတွေ့ကြတဲ့ ကောင်လေးတွေ သူငယ်ချင်းတွေနဲ့ အဆောင်ရှေ့မှာ အမြဲတမ်းစည်ကားနေခဲ့တာ
ညရောက်တိုင်း သက်ဆိုင်သူအသီးသီးကို
ဂစ်တာတီးကာ သီချင်းလာဆိုကြတဲ့ အဖွဲ့တွေကလည်း သက်ဆိုင်သူ ဘယ်သူ့ဘယ်သူအတွက်ပါဆိုပီး
အော်အော်ပီး သီချင်းတွေဆိုခဲ့ကြတဲ့အတွက်ကြောင့်
ညတိုင်း ဂစ်တာသံလေးတွေ နားထောင်ခဲ့ကြရတယ်
ကြည်နူးစရာ ပျော်စရာကောင်းခဲ့တဲ့အချိန်လေးတွေပေါ့
အဲ့အချိန်တုန်းက ပေါ်ခဲ့တဲ့ ပေါက်ခဲ့တဲ့
သီချင်းလေးတွေကလည်း
မရိုးမဆန်းမို့ ခုထိနားထောင်လို့ကောင်းဆဲ
အဲ့တုန်းက ပေါက်ခဲ့တဲ့သီချင်းလေးတွေကို
ခုထိမှတ်မိနေဆဲ ဉာဏ်လင်းအောင်ရဲ့
သူငယ်ချင်းသီချင်းတို့ အလွမ်းကဖေးတို့
မျောက်ဖြစ်ချင်တယ်သီချင်းတို့ အစုံပဲ
အခုလို အင်တာနက်တွေနဲ့အရာရာမြန်ဆန်နေလွန်းတဲ့ခေတ်ကို သိပ်သဘောမကျပါ😊

22/05/2026

ဘဝကို ဘာကိုဗဟိုပြုပြီး ရှင်သန်နေလဲဆိုရင်
ကိုယ်တွေကတော့ မိသားစု/ချစ်ခြင်းမေတ္တာ/အပင်လေးတွေနဲ့ပါ
လူတိုင်းမှာ ဘဝရည်မှန်းချက်တွေ မတူကြပါဘူး
ဘဝကို ဖွင့်ဆိုပုံလည်း တူကြမယ်မထင်ပါဘူး
နွေးထွေးတဲ့မိသားစုရှိနေတာကိုက ရှင်သန်ရကျိုးနပ်တဲ့တည်ရှိမှုလေးပါ
ဖြူစင်တဲ့ချစ်ခြင်းမေတ္တာက ပေးတဲ့သူရော လက်ခံရရှိသူရော စိတ်ချမ်းသာစေတယ် ကြည်နူးရစေတယ်
စိတ်နှလုံးကိုနူးညံ့သိမ်မွေ့စေတယ်
သစ်ပင်ပန်းမန်လေးတွေ ကြည့်တိုင်းအမြဲတမ်းစိတ်ထဲမှာ အေးချမ်းနေတာကိုခံစားမိကြမှာပါ
ကိုယ်တွေကတော့ အေးချမ်းမှုနဲ့လွတ်လပ်မှုကို
မြတ်နိုးတဲ့သူမို့ ဘဝကို အေးအေးချမ်းချမ်းလေး
ဖြတ်သန်းချင်ပါတယ်
AMS

17/04/2026

ဒီနေ့ဟာ မြန်မာခုနှစ်သက္ကရာဇ် စပြောင်းတဲ့နေ့
နှစ်ဆန်းတစ်ရက်နေ့လေးဖြစ်ပါတယ်
နှစ်သစ်ကစပီး ယူသောလက်တစုံထပ်
ပေးကမ်းနိုင်သောလက်တစုံဖြစ်ချင်ပါတယ်
မိသားစုကို အမြဲပျော်ရွှင်အောင်ထားနိုင်တဲ့သူဖြစ်ချင်ပါတယ်
အပြန်လှန်နားလည်မှုရှိတဲ့ relationshipလေးရှိရင် လုံလောက်ပီ
အသစ်သစ်သော skillsတွေမဟုတ်ရင်တောင် skill2/3ခုလောက် အသစ်သင်ယူနိုင်ဖို့ ကြိုးစားရမယ်
တောတောင်သဘာဝနေရာလေးတွေကို ခရီးသွားမယ်
ကိုယ်ရည်စစ်ဖို့ အစားသောက် လျော့စားပြီး
လေ့ကျင့်ခန်းလုပ်ဖြစ်အောင် လုပ်ပါမယ်
စာပုံမှန်ရေးမယ် စာဖတ်မယ်
ပျင်းတဲ့စိတ်တွေ နည်းသထက်နည်းအောင်လုပ်မယ်
အခုလေ့လာနေတဲ့ဘာသာစကားကို ပိုသိလာအောင် ပိုကြိုးစားမယ်
မလိုအပ်တဲ့အရာတွေ မဝယ်ဖြစ်အောင်လေ့ကျင့်မယ်
Minimalismတယောက်ဖြစ်ဖို့ ကြိုးစားလေ့ကျင့်ပြောင်းလဲမယ်
ငွေစုမယ် ငွေသေချာစိစစ်ပီးသုံးစွဲမယ်
AMS

12/04/2026

Me timeတဲ့ အရွယ်ရောက်သူတိုင်း
သဘောကျတဲ့အရာလို့မြင်ပါတယ်
အိမ်မှာဖြစ်ဖြစ် အလုပ်မှာဖြစ်ဖြစ် အားလုံးနဲ့ပူးပေါင်းပြီးလုပ်နိုင်ပေမဲ့ တနေ့မှာ အနည်းဆုံး1နာရီ/2နာရီလောက်တော့ ကိုယ်ပိုင်အချိန်လေးလိုချင်ကြမယ်လို့ထင်ပါတယ်
ကိုယ့်ကိုယ်ပိုင်အချိန်လေးမှာ အနားယူတာပဲဖြစ်ဖြစ်
စာဖတ်တာပဲဖြစ်ဖြစ် ချက်ပြုတ်တာပဲဖြစ်ဖြစ် အခန်းသန့်ရှင်းရေးလုပ်တာဖြစ်ဖြစ် ပန်းပင်ရေလောင်းတာပဲဖြစ်ဖြစ် ဘာလေးပဲလုပ်လုပ် သီချင်းလေးငြီးရင်း စိတ်အေးလက်အေးလုပ်နေရတာကိုက ဘာနဲ့မှမလဲနိုင်တဲ့လွတ်လပ်မှုပါ
ဘယ်လောက်အလုပ်ရှုပ်တဲ့သူပဲဖြစ်ဖြစ်
အချိန်သေချာစီမံနိုင်ရင် ကိုယ်ပိုင်အချိန်ကတော့ရှိပါတယ်
ကိုယ်ပိုင်အချိန်လေးရှိမှသာ ဘဝက နေရကျိုးနပ်တယ်လို့ထင်ပါတယ်
မိဘဆိုလည်း မိသားစုအရေးပဲအမြဲတွေး အမြဲလုပ်ပေးနေတာနဲ့ ကိုယ့်ကိုယ်ပိုင်အချိန်မထားတတ်တဲ့သူက
စိတ်ရော လူရောပိုပင်ပန်းပါတယ်
ကိုယ့်ကိုယ်ပိုင်အချိန်လေးမှာ ကိုယ်ဝါသနာပါတဲ့အရာလေးတွေကို လုပ်ရင်းကုန်ဆုံးလိုက်ရတဲ့အချိန်လေးက
ကိုယ့်မိသားစုအရေးအတွက် ပင်ပန်းထားတဲ့ပင်ပန်းမှုတွေကို ပြေပျောက်စေပါတယ်
ကလေးတွေဆိုလည်း ထိုနည်းတူပါ
ကျောင်းမှာစာလေ့လာလိုက် ကျုရှင်မှာစာလေ့လာလိုက်နဲ့ ယက်ကန်းစင်ပေါ်က လွန်းလေးသဖွယ်
သွားလိုက်လာလိုက်နဲ့ပါ ကလေးတွေကိုလည်း
သူတို့ကိုယ်ပိုင်အချိန်လေး ပေးသင့်ပါတယ်
သူတို့ဝါသနာပါတဲ့အရာလေးတွေ ကာတွန်းဖတ်တာဖြစ်ဖြစ် ပုံဆွဲတာဖြစ်ဖြစ် ဘောလုံးကန်တာဖြစ်ဖြစ်
တခြားအားကစားမျိုးစုံကို လုပ်ဖို့အားပေးသင့်ပါတယ်
ကိုယ်ပိုင်အချိန်လေးမှာ သူတို့ဝါသနာပါရာကို
လုပ်တတ်တဲ့ကလေးက စာပိုင်းရော အားကစားမှာ
ပိုတော်တယ်လို့ထင်ပါတယ်
ကလေးတွေ ငြိမ်အောင်လို့ဆိုရင် ဖုန်းကြည့်ခိုင်းတာကိုတော့ သိပ်ပြီးအားမပေးပါ
လူကြီးတွေတောင် ဖုန်းကြည့်များရင် မျက်လုံးတအားပင်ပန်းပါတယ် ကလေးတွေဆို ပိုဆိုးမှာပါ
အိမ်ထောင်ရှင်မဆိုရင်လည်း ကိုယ်ပိုင်အချိန်ထားကာ
အနားယူတာဖြစ်ဖြစ် Gym​ဆော့တာဖြစ်ဖြစ်
စာဖတ်တာဖြစ်ဖြစ် စာရေးတာဖြစ်ဖြစ်
​ဝါသနာပါရာကိုလုပ်တတ်တဲ့သူနဲ့
ကိုယ်ပိုင်အချိန်လည်းမထား မိသားစုအရေးအတွက်ပဲ
အမြဲတမ်းလုံးပန်းနေတဲ့သူနဲ့ နှိုင်းယှဥ်ကြည့်မယ်ဆိုရင်
ခန္ဓာကိုယ်/စိတ် ကျန်းမာမှု /နုပျိုမှု /အတွေးခေါ်ကအစ ကိုယ်ပိုင်အချိန်ထားတတ်တဲ့သူက ပိုသာမှာပါ
ဘာလုပ်ဖို့အချိန်မရှိဘူး ညာလုပ်ဖို့အချိန်မရှိဘူးလို့ပြောတတ်တဲ့သူက အဲ့ကိစ္စကို လုပ်ဖို့စိတ်မပါလို့ဆင်ခြေပေးနေခြင်းသပ်သပ်သာ တကယ်လုပ်ချင်ရင်
တကယ်လုပ်ချင်တဲ့အရာဆိုရင် ဖြစ်အောင်လုပ်တတ်တာ လူတွေရဲ့အကျင့်မို့လား
ကိုယ်ပိုင်အချိန်ဆိုတာက အရွယ်သုံးပါးမရွေးလိုအပ်တဲ့အရာလို့ မြင်ပါတယ်
AMS

06/04/2026

ခုတောတွင်း စိတ်ထဲမှာတွေးဖြစ်နေတာလေးတခု
ရှိတယ် ရာသီဥတုကအရမ်းပူတော့
သီးပင် စားပင်တွေအပြည့်နဲ့ အိမ်လေးထဲမှာ
အေးဆေးလေးနေချင်နေမိတယ်
သရက်ပင် မာလကာပင် အုန်းသီး
သလဲသီးပင် အပြင် ရနံ့လေးမွှေးပျံ့တဲ့ နှင်းဆီပင်
သနပ်ခါးပန်းပင် ရွှေပန်းငွေပန်း ကံကော်ပန်းပင်လေးတွေနဲ့ အိမ်လေးထဲမှာ အလုပ်လေးလုပ်လိုက်
ထမင်းဟင်းလေးချက်စားရင်း ဘဝကို
ဖြေးဖြေးနှေးနှေးလေးဖြတ်သန်းချင်မိတော့တယ်
လုပ်သမျှ အိမ်မှုကိစ္စကအစ အလုပ်ကအဆုံး
ဖြေးနှေးစွာ လုပ်ချင်မိတော့တယ်
လိုချင်တပ်မက်မှုတွေ လျော့ပြီး လိုအပ်တဲ့အရာလေးတွေ နည်းနည်းနဲ့ပဲ ဘဝကို ဖြတ်သန်းချင်မိတော့တယ်
အောင်မြင်တဲ့ဘဝတွေ ဘာတွေ မလိုချင်ပါ
ငွေကြေးအတွက် ပူပန်စရာမလိုတဲ့ဘဝလေးပဲ
လိုချင်မိတော့တယ်
ငယ်တုန်းရွယ်တုန်းမှာ အခုလိုဖြေးဖြေးနှေးနှေး
နေချင်မိတာ အပြစ်များဖြစ်သွားလား
လူတိုင်းမှာ ရည်မှန်းချက်တွေမတူညီတော့
ဘဝကို ဖြတ်သန်းချင်ပုံချင်းတော့ တူမှာမဟုတ်ဘူး
AMS

01/04/2026

ဘာလိုလိုနဲ့ လေရူးပွေတဲ့
ဧ​ပြီနွေတောင် ရောက်နေပီ
တနှစ်တနှစ် အချိန်ကုန်တာမြန်လိုက်တာ
မြန်မာခုနှစ် သက္ကရာဇ်လည်း အသစ်ပြောင်းတော့မယ်
ရာသီဥတု ပူပေမဲ့ နွေကို သဘောကျတယ်
နွေရောက်တဲ့ ခံစားချက်က တမျိုးလေးပဲ
ဟိုကိုလွမ်းသလိုလို ဒီကိုလွမ်းသလိုလိုနဲ့
အလွမ်းဓာတ်ခံရှိတဲ့သူအတွက် ခံစားလို့သိပ်ကောင်းတဲ့နွေ
ဘယ်ကိုကြည့်ကြည့် အရမ်းလှတဲ့နွေ
သေချာခံစားတတ်ရင် သက်ဝင်လှုပ်ရှားနေတဲ့
ပန်းချီကားတချပ်သဖွယ်
AMS😊

29/03/2026

စာရေးခြင်းက စိတ်ကို ထွက်ပေါက်တခု ရစေတယ်ဆိုတဲ့ ဒေါက်တာဖြိုးသီဟရေးထားတဲ့စာလေးတွေကို ဖတ်မိပြီး ကိုယ်တိုင်လည်း အဲလိုခံစားရတယ်
အပျင်းပြေ စာစရေးရာကနေ
ပိုပိုပီး သဘောကျလာတယ်
ရေးရင်း ရေးရင်း စိတ်ထဲပေါ်လာသမျှ
ပိုရေးချင်လာတယ်
ဘာရေးရမယ်မှန်းမသိပဲ laptopဖွင့်လိုက်ပေမဲ့
Keyboard ပေါ် လက်တင်လိုက်တာနဲ့ ရေးစရာလေးတွေ အတွေးလေးတွေက အလိုလိုပေါ်လာတယ်
ကိုယ်ရေးတာလေးတွေက တခြားသူတွေအတွက်
အကျိုးရှိလားတော့ မသိပေမဲ့ ဖတ်ကြည့်ပြီး
အကျိုးယုတ်စေမဲ့အရာတွေကိုတော့ တခုမှမရေးထားဘူး
ရေးထားသမျှ စာတပုဒ်စီတိုင်း ရည်ရွယ်ချက်တခု
အမြဲပါပါတယ်
ရေးထားသမျှက ကိုယ်သဘောကျတဲ့အရာ အလေ့အကျင့်တွေကို ပိုဦးစားပေးထားတာတော့အမှန်ပဲ
စာရေးရတာ တကယ်ကိုစိတ်ထွက်ပေါက်တခုပါ
ခံစားသမျှ စာအဖြစ်ပြောင်းရေးဖို့
စကားလုံးအလှလေးတွေ ဘယ်လိုလေးရေးရင်
ပိုကောင်းမလဲစဥ်းစားရင်း သူများကိစ္စတွေ
စိတ်မဝင်စားနိုင်ဘူး
ကိုယ့်ကိုကိုယ် ပိုသတိထားမိလာတယ်
ကိုယ် ဘာတွေလုပ်ရင် ပိုပျော်သလဲဆိုတာ
ဘယ်လိုအကျင့်တွေရှိလဲဆိုတာ သတိထားမိလာတယ်
ပိုပြီး စိတ်တည်ငြိမ်လာတယ်
ပိုပြီး စိတ်အေးချမ်းလာတယ်
တဖက်သားရဲ့ စိတ်ခံစားချက်တွေလည်း ပိုနားလည်လာတယ် ပိုကိုယ်ချင်းစာလာတယ်
မိသားစုအပေါ်လည်း ပိုဂရုစိုက်လာတယ်
တချို့စာလေးတွေက ကိုယ့်ကိုကိုယ် ဆုံးမတာလေးတွေ လုပ်သင့်တာလေးတွေ ပြောင်းလဲသင့်တာ​လေးတွေရေးထားတာ
ကိုယ်တွေလို အကျင့်တူတဲ့သူအတွက်လည်း
တထောင့်တနေရာကနေ အထောက်ကူပြုမယ်လို့ထင်ပါတယ်
ကိုယ်ရေးတာတွေကို သူများတွေကြိုက်လား
မကြိုက်လားမသိပေမဲ့ ကိုယ်ရေးတာကိုတော့
အရမ်းကြိုက်တယ် ခနခနပြန်ဖတ်ဖြစ်တယ်
စာဖတ်ခြင်းကြောင့် ပြောင်းလဲလာတာတွေ အများကြီးပဲ
စာဖတ်တာကို သဘောကျရင်းကနေ
စာရေးခြင်းဆိုတဲ့ဘက်ကို စလာနိုင်တာကိုပဲ ပျော်လှပီ😊😄
AMS

25/03/2026

Eco living lifestyleကို စတင်ကျင့်သုံးချင်သူများအတွက်
1.အမှိုက်လျော့ချခြင်း(ပလက်စတစ်/ဖော့ဗူး)
2.လျှပ်စစ်နဲ့ရေကို ချွေတာစွာသုံးစွဲခြင်း
3.သဘာဝကိုထိန်းသိမ်းနိုင်တဲ့ပစ္စည်းများကိုရွေးချယ်ခြင်း
4. လျော့၊ ပြန်သုံး၊ ပြန်လည်အသုံးချ (Reduce, Reuse, Recycle)
မလိုအပ်တာတွေ မဝယ်ဘဲ လျော့ချပါ/ပြန်သုံးလို့ရတာတွေကို ပြန်သုံးပါ
5. အသီးအရွက် များများစားပါ
ဒေသထွက်၊ ရာသီအလိုက် အစားအစာတွေကို ဝယ်ပါ
အစားအစာ မပျက်စီးအောင် စီမံပါ
6. အ​ပြင်သွားမယ်ဆို မီးတွေအကုန်ပိတ်သွားပါ
လုံးဝမှောင်ပီဆိုမှ မီးထွန်းပါ လင်းနေသေးပေမဲ့ မီးကြိုဖွင့်တတ်တဲ့အကျင့်ကိုပြင်ပါ
7.လျှပ်စစ်သုံးစွဲမှုနည်းတဲ့ စက်ပစ္စည်းတွေ သုံးပါ
အပူချိန်ကို အနည်းငယ်လျော့ပြီး စွမ်းအင်ချွေတာပါ
8. အဝတ်စား ဝယ်ယူရာမှာ သတိထားပါ
သဘာဝကို ကာကွယ်တဲ့ brand တွေရွေးပါ
Fast fashion ကို လျော့ပါ fast fashionအများစုက အထည်အရည်သွေး သိပ်မကောင်းတဲ့အထဲမှာပါတယ်
9. လမ်းလျှောက်၊ စက်ဘီးစီး၊ Bus တွေ trainတွေအသုံးပြုပါ
10. ပလတ်စတစ်အသုံးပြုမှု လျော့ချပါ
ပြန်သုံးနိုင်တဲ့ အိတ်၊ ဘူး၊ ကော်ဖီခွက် သုံးပါ
တစ်ကြိမ်သုံးပလတ်စတစ်တွေကို ရှောင်ပါ
🌍 Eco livingကို သိပ်အရေးကြီးတယ်လို့ မထင်ခဲ့ပဲ လူတွေ လုပ်ချင်ရာတွေလုပ်ခဲ့လို့
အခုဆိုဂေဟစနစ်တွေ ကမောက်ကမဖြစ်ပြီး ကမ္ဘာကြီးပူနွေးလာတယ်
အပင်တွေ နည်းနည်းလာတော့ ရေကြီးမှုတွေခနခနဖြစ်တယ်
လူတွေ အသုံးပြုနေတဲ့အိတ်တွေ ဖိနပ်တွေကို တိရစ္ဆာန်တွေရဲ့ သားရေတွေနဲ့လုပ်တော့ တိရစ္ဆာန်တွေ မျိုးတုံးတယ်
ဂေဟစနစ်တွေ ကမောက်ကမ ဖြစ်တော့ ငလျင်တွေလှုပ်တယ် မီးတောင်တွေပေါက်ကွဲတယ် တခြားသဘာဝဘေးအန္တာရယ်တွေလည်း ဖြစ်ပွားတယ်
လေထုတွေ ညစ်ညမ်းတော့ လူတွေ တိရစ္ဆာန်တွေ ရောဂါဘယတွေ ဖြစ်တယ်
🌴🌳 Eco Living ကဘာကြောင့်အရေးကြီးလဲဆိုရင်
Climate change ရာသီဥတုပြောင်းလဲတာတွေ
ကို တားဆီးကူညီတယ်
သဘာဝဇီဝမျိုးစုံ သက်ရှိတိရစ္ဆာန်အားလုံးကို ကာကွယ်တယ်
ပတ်ဝန်းကျင်ညစ်ညမ်းမှုကို လေထုညစ်ညမ်းမှုကို လျော့ချပေးတယ်
သစ်တော ပြုန်းတီးမှုလည်း ကာကွယ်ပေးတယ်
AMS

21/03/2026

စိမ်းစိမ်းစိုစိုအပင်လေးတွေမြင်ရင်
မကြည့်ပဲမနေနိုင်ဘူး
စိမ်းစိုလန်းဆန်းနေတာလေး ကြည့်ရတာကိုက
စိတ်လန်းဆန်းတယ် အေးချမ်းတယ်
ရနံ့မွှေးတဲ့ပန်းပင်လေးရဲ့ဘေး ဖြတ်သွားရင်လည်း
ခနလောက်ရပ်ပြီး မွှေးရနံ့လေးခံစားလိုက်ရမှ ကျေနပ်တာ
လောကကြီးက သစ်ပင် ပန်းပင်လေးတွေရှိနေလို့သာ
ပိုလှပစေတာ
သစ်ပင် ပန်းပင်လေးတွေက သူ့သဘာဝနဲ့သူ လှပနေတာ
သစ်ပင် ပန်းပင်လေးတွေရှိနေလို့သာ ရှင်သန်ရတာပိုပျော်မွေ့စေတာ
သစ်ပင်လေးတွေ ပုံစံတွေကွဲပြားပေမဲ့
သူ့အလှနဲ့သူ မတူအောင်လှပနေကြတဲ့အရာလေးတွေပါ🍀🌿🌴🌲🌵🌳🌾🎋

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address

Yangon