Dr Wai Yan Phyo

Dr Wai Yan Phyo

Share

ကျန်းမာရေး ဆိုင်ရာအကြောင်းအရာများကို အများပြည်သူသိရှိစေရန်

Photos from Dr Wai Yan Phyo's post 17/09/2026

#ခြေဖဝါးမှာ မာမာခဲခဲအဖုတစ်ခုရှိတယ်… ကြွက်နို့လား? အသားမာလား?”

တချို့က **ကြွက်နို့ကို အသားမာထင်ပြီး** မကုဘဲထားကြတယ်။

တချို့ကတော့ **အသားမာကို ကြွက်နို့ထင်ပြီး** ဓားနဲ့လှီး၊ ကတ်ကြေးနဲ့ညှပ်၊ အပ်နဲ့ထိုးပြီး ကိုယ်တိုင်ဖယ်ကြပါတယ်။ 😥

တကယ်တော့…

👉 ကြွက်နို့ (Plantar wart) နဲ့
👉 အသားမာ (Corn / Callus)

နှစ်မျိုးလုံးက ခြေဖဝါးမှာ **မာမာခဲခဲ၊ ထူထူ** ဖြစ်နိုင်ပေမယ့်
**ဖြစ်ရတဲ့အကြောင်းရင်းနဲ့ ကုသနည်းက မတူပါဘူး။**

---

🦠 ပထမဆုံး — #ကြွက်နို့ဆိုတာဘာလဲ?

ခြေဖဝါးအောက်မှာ ဖြစ်တဲ့ ကြွက်နို့ကို **Plantar wart** လို့ခေါ်ပါတယ်။

ဒါက **HPV (Human Papillomavirus)** ကြောင့် ဖြစ်တာပါ။

Virus က အရေပြားထဲဝင်ပြီး အရေပြားဆဲလ်တွေ ထူလာစေတာကြောင့် မာမာခဲခဲ၊ ကြမ်းကြမ်းလေးဖြစ်လာတာပါ။

တစ်ဖုတည်းဖြစ်နိုင်သလို အဖုသေးသေးလေးတွေ အများကြီးပေါင်းပြီး ဖြစ်တာလည်းရှိပါတယ်။

---

👞 #အသားမာဆိုတာကရော?

အသားမာ ( / ) ကတော့ **virus ကြောင့် မဟုတ်ပါဘူး။**

အများအားဖြင့်—

• ဖိနပ်ကျဉ်းလွန်းတာ
• ခြေထောက်ကို ဖိအားများစေတာ
• လမ်းလျှောက်/ပြေးတာများတာ
• ခြေထောက်အရိုးပုံစံကြောင့် နေရာတစ်ခုကို ဖိအားပိုကျတာ
• ဖိနပ်နဲ့ ပွတ်တိုက်မှုများတာ

တွေကြောင့် ခန္ဓာကိုယ်က အရေပြားကို ကာကွယ်ဖို့ ** #အရေပြားထူလာတာ** ဖြစ်ပါတယ်။

ဒါကြောင့်—

🦠 **ကြွက်နို့ = Virus**

👞 **အသားမာ = Pressure + Friction**

လို့ အလွယ်မှတ်ထားလို့ရပါတယ်။

---

# 🔍 ဒါဆို ဘယ်လိုခွဲကြမလဲ?

အိမ်မှာကြည့်ရုံနဲ့ 100% သေချာခွဲနိုင်တာတော့ မဟုတ်ပါဘူး။

ဒါပေမယ့် အောက်ကအချက်တွေက ခွဲရာမှာ အထောက်အကူပြုပါတယ်။

# # # ① 👣 အရေပြားလိုင်းကိုကြည့်ပါ

ခြေဖဝါးမှာ သဘာဝအတိုင်းရှိတဲ့ အရေးအကြောင်းလေးတွေ (skin lines) ကို ကြည့်ပါ။

အသားမာမှာ အရေးအကြောင်းလေးတွေက များသောအားဖြင့် ဆက်ပြီးဖြတ်သွားတတ်ပါတယ်။

ကြွက်နို့မှာတော့ ရေးအကြောင်းလေးတွေ ပျက်သွားပြီး wart ကို ရှောင်သွားသလို ဖြစ်တတ်ပါတယ်။**

---

# # # ② ⚫ အမည်းစက်လေးတွေရှိလား?

ကြွက်နို့ရဲ့ အပေါ်ယံအသားမာကို ဖယ်ကြည့်တဲ့အခါ **အမည်းစက်လေးတွေ** တွေ့နိုင်ပါတယ်။

ဒါတွေက အညစ်အကြေးမဟုတ်ဘဲ ကြွက်နို့ အတွင်းက သေးငယ်တဲ့ သွေးကြောတွေကြောင့် ဖြစ်နိုင်ပါတယ်။

ဒါပေမယ့်—

⚠️ **အမည်းစက်ရှိတာတစ်ခုတည်းနဲ့ ကြွက်နို့လို့ မသတ်မှတ်နိုင်ပါဘူး။**

---

# # # ③ နာတဲ့ပုံစံကိုလည်း ကြည့်ပါ

**အသားမာ** က ဖိအားကျတဲ့နေရာကို တိုက်ရိုက်ဖိတဲ့အခါ နာတတ်ပါတယ်။

ဥပမာ—

> “ဖိနပ်နဲ့ဖိရင် နာတယ်”

ဆိုတဲ့ပုံစံမျိုးပါ။

**အကြွက်နို့** ကတော့ ခြေဖဝါးအောက်မှာ ဖြစ်တဲ့အတွက် လမ်းလျှောက်တဲ့အခါ အဖုက အတွင်းကို ဖိဝင်သလိုဖြစ်ပြီး နာတတ်ပါတယ်။

တချို့လူနာတွေက—

> “ဆရာရေ… ခြေဖဝါးအောက်မှာ ကျောက်စရစ်လေးနင်းထားသလို ခံစားရတယ်”

လို့ ပြောတတ်ပါတယ်။

---

# 🧑‍🤝‍🧑 ဘယ်သူတွေမှာ ကြွက်နို့ပိုဖြစ်နိုင်လဲ?

ကြွက်နို့က HPV virus ကြောင့်ဖြစ်တာဆိုတော့ virus နဲ့ ထိတွေ့နိုင်ခြေရှိသူတွေမှာ ဖြစ်နိုင်ပါတယ်။

ဥပမာ—

🚿 အများသုံးရေချိုးခန်း
🏊 Swimming pool
👟 Locker room
🦶 ခြေဗလာနဲ့ စိုစွတ်တဲ့နေရာတွေမှာ သွားလာခြင်း
🩹 ခြေဖဝါးမှာ အရေပြားပွန်းပဲ့/အနာသေးသေးရှိခြင်း
👥 ကြွက်နို့ရှိသူနဲ့ တိုက်ရိုက်ထိတွေ့ခြင်း

စတာတွေက ကူးစက်နိုင်ခြေကို တိုးစေနိုင်ပါတယ်။

**ကြွက်နို့ဖြစ်တာဟာ ကိုယ်ညစ်ပတ်လို့ ဖြစ်တာမဟုတ်ပါဘူး။**

---

# 👞 ဘယ်သူတွေမှာ အသားမာပိုဖြစ်နိုင်လဲ?

အသားမာကတော့ **ဖိအားနဲ့ ပွတ်တိုက်မှုများတဲ့သူ** တွေမှာ ဖြစ်နိုင်ပါတယ်။

ဥပမာ—

👠 ဖိနပ်ကျဉ်းကျဉ်းဝတ်သူ
🏃 ပြေးခြင်း/အားကစားလုပ်ခြင်းများသူ
🚶 လမ်းလျှောက်တာများသူ
🦴 ခြေထောက်အရိုးပုံစံကြောင့် pressure point ရှိသူ
👞 ဖိနပ်အရွယ်အစား မတော်သူ

စတာတွေပါ။

---

# 🦠 “ကြွက်နို့က ကူးစက် နိုင်ပါ သလား?”

**ကူးစက်နိုင်ပါတယ်။**

HPV infection ဖြစ်တဲ့အတွက် ကိုယ့်ခန္ဓာကိုယ်ရဲ့ တခြားနေရာကိုလည်း ပြန့်နိုင်ပါတယ်။

အထူးသဖြင့် ကြွက်နို့ကို—

❌ ခြစ်တာ
❌ ကိုက်တာ
❌ အပ်နဲ့ထိုးတာ
❌ ဓားနဲ့လှီးတာ
❌ ကတ်ကြေးနဲ့ညှပ်တာ

တွေက အရေပြားကို ထိခိုက်စေပြီး ပြန့်ပွားနိုင်ခြေကို တိုးစေနိုင်ပါတယ်။

---

# 🟢 “အသားမာကရော ကူးစက် နိုင်ပါ သလား?”

**မကူးစက်ပါဘူး။**

အသားမာက virus infection မဟုတ်ဘဲ **pressure + friction** ကြောင့် ဖြစ်တာပါ။

ဒါကြောင့် လူတစ်ယောက်ကနေ တစ်ယောက်ကို ကူးတာမျိုး မရှိပါဘူး။

---

# ✂️ “ဆရာ… အိမ်မှာပဲ ညှပ်ထုတ်လိုက်ရင်ရော?”

ဒီမေးခွန်းကို အများကြီးမေးကြပါတယ်။

ကျွန်တော်ကတော့ **ကိုယ်တိုင် ဓားနဲ့လှီးတာ၊ ကတ်ကြေးနဲ့ အနက်ထိညှပ်တာကို အကြံမပြုပါဘူး။**

ဘာကြောင့်လဲဆိုတော့—

❌ သွေးထွက်နိုင်တယ်
❌ အနာဖြစ်နိုင်တယ်
❌ Bacterial infection ဝင်နိုင်တယ်
❌ ကြွက်နို့ဖြစ်ရင် virus ပြန့်နိုင်တယ်
❌ တကယ်ဘာဖြစ်နေမှန်း မသိဘဲ လှီးမိနိုင်တယ်

အထူးသဖြင့်—

**ဆီးချိုရှိသူ၊ ခြေဖဝါးအာရုံခံစားမှုလျော့နေသူ၊ သွေးလည်ပတ်မှုမကောင်းသူတွေက ကိုယ်တိုင်မလှီးသင့်ပါဘူး။**

---

# 💊 “လိမ်းဆေးဝယ်ပြီး လိမ်းလို့ရလား?”

# # # 🦠 ကြွက်နို့ဆိုရင်

**Salicylic acid** ပါတဲ့ treatment တွေက အသုံးများတဲ့ treatment တစ်ခုပါ။

ဒါက ကြွက်နို့ ရဲ့ ထူနေတဲ့အရေပြားကို တဖြည်းဖြည်းဖယ်ရှားပေးတာပါ။

အများအားဖြင့်—

1️⃣ ခြေဖဝါးကို နွေးနွေးရေထဲ ခဏစိမ်ပါ
2️⃣ ခြောက်အောင်သုတ်ပါ
3️⃣ ထုတ်ကုန်ညွှန်ကြားချက်အတိုင်း salicylic acid လိမ်းပါ
4️⃣ ပုံမှန်ဆက်သုံးပါ

**တစ်ရက်၊ နှစ်ရက်လိမ်းရုံနဲ့ ပျောက်သွားမယ့် treatment မဟုတ်ပါဘူး။**

အပတ်များစွာ ဆက်လက်အသုံးပြုရနိုင်ပါတယ်။

⚠️ ဆေးက ပတ်ဝန်းကျင်အသားကို မထိအောင် သတိထားပါ။

⚠️ ဆီးချိုရှိသူ၊ ခြေဖဝါးအာရုံခံစားမှုလျော့သူ၊ သွေးလည်ပတ်မှုမကောင်းသူတွေက ကိုယ်တိုင်မစမ်းခင် ဆရာဝန်နဲ့ တိုင်ပင်ပါ။

---

# 🧴 အသားမာဆိုရင်?

အသားမာအတွက်တော့ **အဓိကက ဖိအားနဲ့ ပွတ်တိုက်မှု ကိုလျှော့တာ** ပါ။

အရေပြားထူတာကို ပျော့စေဖို့—

• Urea ပါတဲ့ moisturizer
• အချို့ keratolytic preparations
• သင့်တော်တဲ့ moisturizer

တွေကို အသုံးပြုနိုင်ပါတယ်။

ဒါပေမယ့်—

**အသားမာကို လိမ်းဆေးလိမ်းပြီး ဖိနပ်ကျဉ်းကျဉ်းကို ဆက်ဝတ်နေမယ်ဆိုရင် ပြန်ဖြစ်နိုင်ပါတယ်။**

---

# 🏥 ဆေးခန်းရောက်ရင် ဘယ်လို ကုသပေးနိုင်လဲ?

# #🦠 ကြွက်နို့ဆိုရင်

အရေပြားဆရာဝန်က အရင်ဆုံး အဖုကို စစ်ဆေးပြီး ကြွက်နို့ ဟုတ်/မဟုတ် ခွဲခြားပါမယ်။

လိုအပ်ရင် ထူနေတဲ့အပေါ်ယံအသားကို ဖယ်ကြည့်ပြီး diagnosis ပိုသေချာအောင် လုပ်နိုင်ပါတယ်။

ကုသနည်းတွေထဲမှာ—

# # # ① Salicylic acid

အသုံးများတဲ့ treatment ဖြစ်ပြီး အချိန်ယူပြီး ပုံမှန်ကုသရပါတယ်။

# # # ② Cryotherapy

**Liquid nitrogen** နဲ့ wart ကို အေးခဲအောင်လုပ်တဲ့နည်းပါ။

ကုသပြီးနောက် blister၊ နာကျင်ခြင်း၊ အရေပြားအရောင်ပြောင်းခြင်းတွေ ဖြစ်နိုင်ပါတယ်။

တစ်ကြိမ်တည်းနဲ့ မပြီးဘဲ အကြိမ်ကြိမ်ကုသရနိုင်ပါတယ်။

# # # ③ အခြား treatment များ

ပုံမှန်ကုသနည်းတွေ မအောင်မြင်တဲ့ stubborn wart တွေမှာ dermatologist က လူနာအခြေအနေအလိုက် အခြားကုသနည်းတွေကို စဉ်းစားနိုင်ပါတယ်။

ဥပမာ—

• Cantharidin
• Laser Excision
• Curettage / electrosurgery
• Intralesional treatment
• Immunotherapy

စတာတွေပါ။

---

# 🦶 အသားမာကို ဆေးခန်းမှာ ဘယ်လိုကုသလဲ?

အသားမာမှာတော့—

**“မာနေတဲ့အသားကိုဖယ်ခြင်း” တစ်ခုတည်းနဲ့ မပြီးပါဘူး။**

အဓိကက—

# # # ① ထူနေတဲ့အသားကို လျှော့ပေးခြင်း

# # # ② ဖိအားကိုလျှော့ခြင်း

# # # ③ ဖိနပ်အရွယ်အစား/ပုံစံပြင်ခြင်း

# # # ④ Padding / insole / orthotic အသုံးပြုခြင်း

# # # ⑤ Moisturizer / keratolytic treatment သုံးခြင်း

တွေကို အခြေအနေအလိုက် ပြုလုပ်ပါတယ်။

---

# 🏆 “အထိရောက်ဆုံးကုသနည်းက ဘာလဲ?”

ဒီမေးခွန်းကို—

> “ဒီနည်းတစ်ခုပဲ အကောင်းဆုံး”

လို့ ပြောလို့မရပါဘူး။

**ကြွက်နို့မှာ** အဖုအရေအတွက်၊ အရွယ်အစား၊ ဘယ်လောက်ကြာပြီလဲ၊ အရင်ကုသဖူးလား၊ လူနာရဲ့ ကျန်းမာရေးအခြေအနေ စတာတွေပေါ်မူတည်ပြီး treatment ရွေးရပါတယ်။

Salicylic acid က အသုံးများပြီး evidence ရှိတဲ့ treatment တစ်ခုဖြစ်ပါတယ်။

• Laser Excision, Curettage / electrosurgery , Cryotherapy လည်း အသုံးများပါတယ်။

ဒါကြောင့်—

👉 **“အထိရောက်ဆုံး” ဆိုတာ လူနာတစ်ယောက်ချင်းစီအတွက် သင့်တော်တဲ့ကုသနည်းကို ဆိုလိုတာပါ။**

---

# 🔄 ကုသပြီးရင် ပြန်ဖြစ်နိုင်လား?

# # # 🦠 ကြွက်နို့ — ပြန်ဖြစ်နိုင်ပါတယ်။

တချို့ wart တွေက ကုသစရာမလိုဘဲ ကိုယ်ခံအားနဲ့ အချိန်ကြာလာရင် သူ့အလိုလို ပျောက်သွားနိုင်ပါတယ်။

ဒါပေမယ့် လပေါင်းများစွာ၊ တခါတလေ နှစ်နဲ့ချီပြီး ကြာနိုင်ပါတယ်။

ကုသပြီးနောက်လည်း recurrence ဖြစ်နိုင်ပါတယ်။ 10-15% chance ပြန်ဖြစ်နိုင်ပါတယ်။

---

# # # 👞 အသားမာ — ပြန်ဖြစ်နိုင်ပါတယ်။

အကြောင်းရင်းက ပိုရိုးရှင်းပါတယ်။

**ဖိအားနဲ့ ပွတ်တိုက်မှု ကိုလျှော့တာ မပြင်ရင် ပြန်ဖြစ်နိုင်ပါတယ်။**

ဥပမာ—

ဖိနပ်ကျဉ်းလို့ အသားမာဖြစ်တယ်။

ဆေးခန်းမှာ အသားမာကို ဖယ်လိုက်တယ်။

ဒါပေမယ့် အဲဒီဖိနပ်ကိုပဲ ဆက်ဝတ်နေတယ်ဆိုရင်…

👉 နောက်တစ်ချိန်မှာ ပြန်ထူလာနိုင်ပါတယ်။

ဒါကြောင့် အသားမာမှာ **“အသားကိုဖယ်တာထက် အကြောင်းရင်းကိုပြင်တာ”** ပိုအရေးကြီးပါတယ်။

---

# ⚠️ မကုဘဲထားရင် ဘာဖြစ်နိုင်လဲ?

အများစုမှာ အသက်အန္တရာယ်ဖြစ်စေတဲ့ရောဂါ မဟုတ်ပါဘူး။

ဒါပေမယ့်—

# # # ကြွက်နို့မှာ

• နာကျင်နိုင်တယ်
• လမ်းလျှောက်ရခက်နိုင်တယ်
• တခြားနေရာတွေကို ပြန့်နိုင်တယ်
• အခြားသူတွေကို ကူးနိုင်တယ်

# # # အသားမာမှာ

• နာကျင်နိုင်တယ်
• အရေပြားကွဲနိုင်တယ်
• လမ်းလျှောက်ပုံ ပြောင်းသွားနိုင်တယ်
• အထူးသဖြင့် ဆီးချိုရှိသူတွေမှာ ခြေဖဝါးပြဿနာတွေကို ပိုဂရုစိုက်ဖို့လိုပါတယ်။

---

# 🚫 ဒီအရာတွေတော့ မလုပ်ပါနဲ့

❌ ဓားနဲ့ လှီးမထုတ်ပါနဲ့

❌ ကတ်ကြေးနဲ့ အနက်ထိ မညှပ်ပါနဲ့

❌ အပ်နဲ့ မထိုးပါနဲ့

❌ မီးနဲ့ မရှို့ပါနဲ့

❌ အက်ဆစ်ပြင်းပြင်းတွေ ကိုယ်တိုင်မသုံးပါနဲ့

❌ Wart ဖြစ်နိုင်တာကို ခြစ်ပြီး ခန္ဓာကိုယ်တခြားနေရာကို မပွတ်ပါနဲ့

❌ ကိုယ့် pumice stone / razor ကို တခြားသူနဲ့ မမျှဝေပါနဲ့

---

# ✅ ဘာတွေလုပ်သင့်လဲ?

# # # 🦠 ကြွက်နို့ဖြစ်နိုင်ရင်

✔️ ခြေထောက်ကို သန့်ရှင်းခြောက်သွေ့အောင်ထားပါ

✔️ အများသုံးရေချိုးခန်း၊ swimming pool၊ locker room တွေမှာ ခြေဗလာမသွားပါနဲ့

✔️ Socks / towel / footwear တွေ မမျှဝေပါနဲ့

✔️ အဖုကို မခြစ်၊ မညှပ်၊ မထိုးပါနဲ့

✔️ သင့်တော်တဲ့ treatment ကို ညွှန်ကြားချက်အတိုင်း သုံးပါ

✔️ မသေချာရင် အရေပြားဆရာဝန်ကို ပြပါ

---

# # # 👞 အသားမာဖြစ်ရင်

✔️ ခြေထောက်နဲ့ သင့်တော်တဲ့ဖိနပ်ဝတ်ပါ

✔️ ခြေချောင်းတွေ မဖိသိပ်အောင် toe box ကျယ်တဲ့ဖိနပ်ရွေးပါ

✔️ Pressure point တွေမှာ padding သုံးပါ

✔️ Moisturizer ပုံမှန်လိမ်းပါ

✔️ Pumice stone သုံးမယ်ဆိုရင် အလွန်အကျွံ မဖယ်ပါနဲ့

✔️ သွေးထွက်တဲ့အထိ မခြစ်ပါနဲ့

---

# 🚨 ဒီလိုဖြစ်ရင်တော့ ဆရာဝန်ကိုပြပါ

🔴 ဘာဖြစ်မှန်း မသေချာဘူး

🔴 အဖုက မြန်မြန်ကြီးလာတယ်

🔴 သွေးထွက်တယ်

🔴 အနာဖြစ်လာတယ်

🔴 အရမ်းနာတယ်

🔴 အဖုတွေ အများကြီးဖြစ်လာတယ်

🔴 ကိုယ်တိုင်ကုသပြီး မပျောက်ဘူး

🔴 ခဏခဏ ပြန်ဖြစ်တယ်

🔴 **ဆီးချိုရှိတယ်**

🔴 ခြေဖဝါးအာရုံခံစားမှု လျော့နေတယ်

🔴 ခြေထောက်သွေးလည်ပတ်မှု မကောင်းဘူး

ဆိုရင် ဆရာဝန်ကို ပြသင့်ပါတယ်။

---

# # ❤️ နောက်ဆုံးအနေနဲ့ ပြောချင်တာက…

ခြေဖဝါးမှာ **“မာမာခဲခဲအဖုတစ်ခုရှိတယ်”** ဆိုတာနဲ့

“အသားမာပဲ” လို့လည်း ချက်ချင်းမပြောနိုင်ပါဘူး။

“ကြွက်နို့ပဲ” လို့လည်း ချက်ချင်းမပြောနိုင်ပါဘူး။

ဒါပေမယ့် **ကိုယ်တိုင်ဓားနဲ့လှီးတာ၊ ကတ်ကြေးနဲ့ညှပ်တာကတော့ မလုပ်သင့်ပါဘူး။**

အထူးသဖြင့် ဆီးချိုရှိသူတွေက ပိုပြီးသတိထားဖို့လိုပါတယ်။

**အဖုကိုဖယ်ဖို့ထက် အဖုက ဘာကြောင့်ဖြစ်တာလဲဆိုတာ အရင်သိဖို့က ပိုအရေးကြီးပါတယ်။**

---

**ကျန်းမာတဲ့အသားအရေဆိုတာ အလှအပတင်မက — မှန်ကန်တဲ့အသိပညာကနေ စတင်ပါတယ်။ ❤️**

ကျေးဇူးတင်ပါတယ်။

#ဒေါက်တာဝေယံဖြိုး

Photos from Dr Wai Yan Phyo's post 11/09/2026

#မျက်လုံးဘေးပတ်လည်မှာ 👀
“မျက်လုံးအောက်မှာ အဖြူရောင်/အသားရောင် အဖုလေးတွေ ပေါ်လာတယ်…”
“ဝက်ခြံလား? အဆီဖုလား?”
“ညှစ်လိုက်ရင် ပျောက်မလား?”
“မိတ်ကပ်ကြောင့် ဖြစ်တာလား?”
“အချိန်ကြာရင် ကင်ဆာဖြစ်သွားနိုင်လား?”
ဒီလိုမေးခွန်းတွေကို ဆေးခန်းမှာ မကြာခဏ ကြားရပါတယ်။

အထူးသဖြင့် မျက်ခွံအောက်ပိုင်း၊ မျက်လုံးဘေးပတ်လည်၊ ပါးပြင်တစ်ဝိုက်မှာ အသားရောင် သို့မဟုတ် အနည်းငယ်အဝါရောင်၊ မာဆတ်ဆတ် အဖုသေးသေးလေးတွေ အစုလိုက် ပေါ်လာတတ်ပါတယ်။

အဲဒီအဖုတွေထဲက အဖြစ်များတဲ့အရာတစ်ခုကတော့—
👉 ဖြစ်နိုင်ပါတယ်။
အလွယ်ပြောရရင် ချွေးဂလင်းနဲ့ ဆက်စပ်တဲ့ အန္တရာယ်မရှိတဲ့ အရေပြားအကျိတ်ငယ်လေးတွေ လို့ နားလည်နိုင်ပါတယ်။

🔬 Syringoma ဆိုတာ ဘာလဲ?
Syringoma ဟာ အရေပြားအတွင်းမှာရှိတဲ့ ချွေးထွက်ပြွန် (eccrine sweat duct) တွေနဲ့ ဆက်စပ်ပြီး ဖြစ်ပေါ်လာတဲ့ အန္တရာယ်မရှိတဲ့ benign skin growth တစ်မျိုးပါ။
အများအားဖြင့်—
• အသားရောင်
• အဖြူဖျော့ဖျော့
• အဝါဖျော့ဖျော့
ဖြစ်ပြီး အရွယ်အစားက များသောအားဖြင့် သေးငယ်ပါတယ်။
အဖုတွေဟာ တစ်လုံးတည်းထက် အစုလိုက်၊ အပြုံလိုက် ပေါ်လာတာကို ပိုတွေ့ရတတ်ပါတယ်။

📍 အတွေ့ရများတဲ့နေရာတွေကတော့—

မျက်ခွံအောက်ပိုင်း
မျက်လုံးဘေးပတ်လည်
ပါးပြင်
နဖူး
လည်ပင်း
ရင်ဘတ်တစ်ဝိုက် တို့ ဖြစ်ပါတယ်။
အမျိုးသမီးတွေမှာ ပိုတွေ့ရတတ်ပြီး ငယ်ရွယ်စဉ်၊ အထူးသဖြင့် (ဟော်မုန်းအပြောင်းအလဲ )puberty အနီးအနားကာလမှာ စတင်တွေ့ရနိုင်ပါတယ်။

🤔 ဘာကြောင့် ဖြစ်တာလဲ?

ဒီနေရာမှာ လူအများသိထားတဲ့ အယူအဆတစ်ခုကို ပြင်ပေးချင်ပါတယ်။
Syringoma က ချွေးပေါက်ပိတ်လို့ ဖြစ်တာ မဟုတ်ပါဘူး။
ဒါကြောင့်—
❌ မျက်နှာမသန့်လို့ ဖြစ်တာ မဟုတ်ပါ
❌ အဆီစားလို့ ဖြစ်တာ မဟုတ်ပါ
❌ မိတ်ကပ်လိမ်းလို့ တိုက်ရိုက်ဖြစ်တာ မဟုတ်ပါ
❌ ချွေးထွက်များလို့ ဖြစ်လာတာလို့ တိုက်ရိုက် သတ်မှတ်လို့မရပါ
တချို့လူတွေမှာ မိသားစုလိုက် ဖြစ်တတ်ခြင်း နဲ့ ဟော်မုန်းအပြောင်းအလဲတွေ ဆက်စပ်နိုင်ပါတယ်။ဒါပေမယ့် လူတစ်ဦးချင်းစီမှာ ဘာကြောင့် ဖြစ်လာတယ်ဆိုတာကို အကြောင်းရင်းတစ်ခုတည်းနဲ့ ရှင်းပြလို့ မရပါဘူး။

🦠 Syringoma က ကူးစက်တတ်လား?
မကူးစက်ပါဘူး။
Syringoma ဟာ virus သို့မဟုတ် bacteria ကြောင့် ဖြစ်တဲ့ရောဂါ မဟုတ်တဲ့အတွက်—
👉 တစ်ယောက်ကနေ တစ်ယောက်ကို မကူးစက်ပါ။
အိမ်သားတစ်ယောက်မှာရှိလို့ ကိုယ့်ဆီ ကူးလာတာမျိုးလည်း မဟုတ်ပါဘူး။

💄 မိတ်ကပ်နဲ့ အစားအသောက်ကြောင့်လား?
အများအားဖြင့် မိတ်ကပ်သုံးတာ၊ အဆီစားတာ စတဲ့အရာတွေကို Syringoma ရဲ့ တိုက်ရိုက်အကြောင်းရင်းလို့ မသတ်မှတ်ပါဘူး။
ဒါကြောင့် “အဆီလုံးဝမစားရင် Syringoma ပျောက်မယ်” ဆိုတာမျိုး မဟုတ်ပါဘူး။

💊 လိမ်းဆေးနဲ့ ပျောက်နိုင်လား?
ဒီအချက်က အရေးကြီးပါတယ်။
Syringoma ဟာ အရေပြားအတွင်းပိုင်းမှာရှိတဲ့ ချွေးထွက်ပြွန်ဆဲလ်တွေနဲ့ ဆက်စပ်တဲ့ အကျိတ်ငယ် ဖြစ်တာကြောင့်—
ပုံမှန် ဝက်ခြံလိမ်းဆေး၊ အဆီလျှော့လိမ်းဆေးတွေ လိမ်းရုံနဲ့ အဖုတွေ ပျောက်သွားတာမျိုး မဖြစ်တတ်ပါဘူး။
တချို့ topical treatments တွေကို စမ်းသပ်အသုံးပြုနိုင်ပေမယ့် ရလဒ်က မတူညီနိုင်ပြီး၊ အများအားဖြင့် ရှိပြီးသား Syringoma ကို ဖယ်ရှားချင်တဲ့အခါ procedure-based treatment ကို စဉ်းစားကြပါတယ်။

🚫 အိမ်မှာ ကိုယ်တိုင် ညှစ်လို့ရလား?

မလုပ်သင့်ပါဘူး။
Syringoma ကို—
❌ အပ်နဲ့ထိုးခြင်း
❌ ညှစ်ခြင်း
❌ ကလိခြင်း
❌ အက်ဆစ်/အပြင်းစား chemical တွေ ကိုယ်တိုင်လိမ်းခြင်း
❌ မသေချာတဲ့ “အဖုဖယ်ဆေး” တွေ သုံးခြင်း
လုပ်မိရင် အဖုကို သေချာမဖယ်ရှားနိုင်တဲ့အပြင်—
⚠️ ရောင်ရမ်းခြင်း
⚠️ ပိုးဝင်ခြင်း
⚠️ အမဲစက်/အရောင်ပြောင်းခြင်း
⚠️ အမာရွတ်
တွေ ဖြစ်လာနိုင်ပါတယ်။
အထူးသဖြင့် မျက်လုံးပတ်ဝန်းကျင်က အရေပြားဟာ နူးညံ့ပြီး ထိခိုက်လွယ်တာကြောင့် ကိုယ်တိုင် စမ်းသပ်ကုသတာ ပိုပြီးမသင့်တော်ပါဘူး။

👩‍⚕️ ဆေးခန်းမှာ ဘယ်လိုဖယ်ရှားကြလဲ?
Syringoma ကို ဖယ်ရှားချင်တဲ့လူနာတွေအတွက် အရေပြားဆရာဝန်က အဖုအမျိုးအစား၊ အရွယ်အစား၊ အရေအတွက်၊ ဖြစ်နေတဲ့နေရာနဲ့ အသားအရေအရ သင့်တော်တဲ့နည်းကို ရွေးပေးပါတယ်။

အသုံးပြုနိုင်တဲ့ နည်းလမ်းတွေထဲမှာ—
🔥 1. Electrosurgery / Electrocautery
လျှပ်စစ်စွမ်းအင်ကို အသုံးပြုပြီး အဖုကို ဖယ်ရှားတဲ့နည်းပါ။
🔬 2. Laser treatment
အထူးသဖြင့် CO₂ laser က Syringoma အတွက် အသုံးများတဲ့ treatment option တစ်ခုဖြစ်ပါတယ်။
အဖုတွေကို တိတိကျကျ ဖယ်ရှားနိုင်ပေမယ့် အရေပြားအရောင်၊ အမာရွတ်ဖြစ်နိုင်ခြေ စတာတွေကိုလည်း ထည့်သွင်းစဉ်းစားရပါတယ်။
❄️ 3. Cryotherapy
အေးခဲစေတဲ့ nitrogen ကို အသုံးပြုပြီး lesion ကို ဖယ်ရှားတဲ့နည်းပါ။
သို့သော် မျက်လုံးပတ်ဝန်းကျင်လို နူးညံ့တဲ့နေရာမှာ treatment ရွေးချယ်ရာမှာ ပိုမိုဂရုစိုက်ဖို့လိုပါတယ်။

🔄 ကုသပြီးရင် ပြန်ဖြစ်နိုင်လား?

ဒီအချက်ကိုလည်း သိထားသင့်ပါတယ်။
Syringoma ဟာ အရေပြားအတွင်းပိုင်းမှာ ရှိတဲ့ sweat duct structures နဲ့ ဆက်စပ်တာကြောင့် ရှိပြီးသားအဖုကို ဖယ်ရှားပြီးနောက်မှာတောင် အဖုအသစ်တွေ ထပ်ပေါ်လာနိုင်ပါတယ်။
ဒါကြောင့်—
“တစ်ခါဖယ်လိုက်ရင် တစ်သက်လုံး လုံးဝမပြန်ဖြစ်တော့ဘူး”
လို့တော့ အာမခံလို့မရပါဘူး။
ထို့အပြင် treatment ရဲ့ ဘေးထွက်ဆိုးကျိုးအနေနဲ့—
ခဏတာ အရေပြားနီခြင်း
အရောင်ရင့်ခြင်း သို့မဟုတ် အရောင်ဖျော့ခြင်း
အနာကျက်နေစဉ် ယားယံတာ စပ်ဖျင်းဖျင်းဖြစ်တာ
ရှားပါးစွာ အမာရွတ်ဖြစ်ခြင်း တို့ ဖြစ်နိုင်ပါတယ်။
အသားအရောင်ရင့်သူတွေမှာ အမည်းစက်တွေ ဖြစ်နိုင်ခြေကိုလည်း treatment မလုပ်မီ ဆွေးနွေးသင့်ပါတယ်။

😨 “Syringoma က ကင်ဆာဖြစ်နိုင်လား?”

ဒီမေးခွန်းကို လူနာတွေ အများဆုံး စိုးရိမ်ကြပါတယ်။
ပုံမှန် Syringoma ဟာ benign lesion ဖြစ်ပြီး အရေပြားကင်ဆာ မဟုတ်ပါဘူး။
ကင်ဆာအဖြစ် ပြောင်းလဲသွားမယ့် ရောဂါလို့လည်း မယူဆပါဘူး။
ဒါပေမယ့် မျက်လုံးပတ်ဝန်းကျင်မှာ အဖုတစ်မျိုးမျိုး ပေါ်လာတိုင်း Syringoma လို့ ကိုယ်တိုင်ဆုံးဖြတ်ထားတာထက် အရေပြားဆရာဝန်နဲ့ စစ်ဆေးပြီး diagnosis သေချာစေခြင်းက ပိုအရေးကြီးပါတယ်။

👀 Syringoma နဲ့ မှားတတ်တဲ့ အဖု ၃ မျိုး

မျက်လုံးအနီးမှာ အဖုလေးတွေ ပေါ်လာရင် Syringoma တစ်မျိုးတည်း မဟုတ်ပါဘူး။
① Milia
Keratin ပိတ်မိပြီး ဖြစ်လာတဲ့ အဖြူရောင်၊ မာဆတ်ဆတ် စေ့လေးတွေ ဖြစ်ပါတယ်။
② Xanthelasma
မျက်ခွံနားမှာ အဝါရောင် ပြားပြား/ပျော့ပျော့ အဖု ပုံစံနဲ့ တွေ့ရတတ်ပါတယ်။
တချို့လူတွေမှာ သွေးတွင်း lipid abnormalities နဲ့ ဆက်စပ်နိုင်ပါတယ်။
③ Closed comedones
အဆီနဲ့ keratin ပိတ်ဆို့မှုကြောင့် ဖြစ်လာတဲ့ ခေါင်းပိတ်ဝက်ခြံ ဖြစ်ပါတယ်။
👉 အပြင်ကကြည့်ရုံနဲ့ အားလုံးကို တိတိကျကျ ခွဲခြားဖို့ မလွယ်တဲ့အတွက် လိုအပ်ရင် စစ်ဆေးကြည့်ဖို့ လုပ်သင့်ပါတယ်။

🚨 ဘယ်အချိန်မှာ ဆရာဝန်နဲ့ ပြသသင့်လဲ?
အဖုလေးတွေရှိနေတာတင်နဲ့ အရေးပေါ်ဆေးခန်းသွားဖို့ မလိုပါဘူး။
ဒါပေမယ့်—
🔴 အဖုတွေ ရုတ်တရက်မြန်မြန်ကြီးလာရင်
🔴 အရေအတွက် သိသိသာသာ တိုးလာရင်
🔴 နာကျင်လာရင်
🔴 အလွန်ယားယံလာရင်
🔴 သွေးထွက်ခြင်း၊ အနာဖြစ်ခြင်းရှိရင်
🔴 ပုံမှန်နဲ့ မတူတဲ့အရောင်/ပုံစံ ပြောင်းလဲလာရင်
🔴 ဒါမှမဟုတ် အလှအပအတွက် စိတ်အနှောင့်အယှက်ဖြစ်လွန်းရင်
ဆရာဝန်နဲ့ ပြသပြီး diagnosis သေချာစေသင့်ပါတယ်။

☀️ Syringoma ရှိရင် ဘာတွေဆောင်/ရှောင်မလဲ?
✅ ဆောင်ရန်
• မျက်နှာကို ပုံမှန်နူးညံ့စွာ သန့်ရှင်းပါ
• နေ့စဉ် sunscreen အသုံးပြုပါ
• အဖုတွေကို မကလိပါနဲ့
• ဖယ်ရှားချင်ရင် Dermatologist နဲ့ တိုင်ပင်ပါ
• မိမိအသားအရေအလိုက် သင့်တော်တဲ့ treatment ကို ရွေးချယ်ပါ
❌ ရှောင်ရန်
• အပ်နဲ့ထိုးခြင်း
• ညှစ်ခြင်း
• ကလိခြင်း
• အက်ဆစ်ပြင်းပြင်းတွေ ကိုယ်တိုင်လိမ်းခြင်း
• မသေချာတဲ့ အွန်လိုင်းအဖုဖယ်ဆေးတွေ သုံးခြင်း
• “ဝက်ခြံပဲ” လို့ယူဆပြီး အပြင်းစား acne treatment တွေ ကိုယ်တိုင်စမ်းခြင်း

👨‍⚕️ Doctor's Advice
Syringoma ဆိုတာ ကျန်းမာရေးအတွက် အန္တရာယ်ရှိတဲ့ အကျိတ်မဟုတ်ပါဘူး။
ဒါကြောင့် အဖုလေးတွေရှိနေပေမယ့် ကိုယ့်အတွက် အလှအပပိုင်းဆိုင်ရာ စိတ်အနှောင့်အယှက်မဖြစ်ဘူးဆိုရင် မဖယ်ရှားဘဲ ဒီအတိုင်းထားလို့ရပါတယ်။
ဖယ်ရှားချင်တယ်ဆိုရင်တော့—
“အဖုကို အမြန်ဆုံးပျောက်အောင်” ဆိုပြီး ကိုယ်တိုင်အပ်နဲ့ထိုး၊ ညှစ်၊ အက်ဆစ်လိမ်းတာထက်
👉 အရင်ဆုံး diagnosis မှန်ကန်ကြောင်း သေချာအောင်လုပ်ပါ။
ပြီးရင် အရေပြားဆရာဝန်နဲ့ တိုင်ပင်ပြီး Laser, Electrosurgery စတဲ့ သင့်တော်တဲ့ procedure ကို အသားအရေအမျိုးအစားနဲ့ အဖုတွေရဲ့ နေရာ၊ အရွယ်အစားအလိုက် ရွေးချယ်တာက ပိုလုံခြုံပါတယ်။

အရေးကြီးဆုံးကတော့—
“Syringoma ရှိတာက အန္တရာယ်ရှိလို့ မဟုတ်ပါဘူး။ မလိုအပ်ဘဲ ကိုယ်တိုင်ဖယ်ရှားဖို့ ကြိုးစားတာကသာ အမာရွတ်နဲ့ အရောင်ပြောင်းတာတွေ ဖြစ်စေနိုင်ပါတယ်။”

မျက်လုံးဘေးမှာ မာဆတ်ဆတ် အဖုလေးတွေရှိနေတာကို ကြည့်ပြီး
“ဝက်ခြံလား၊ အဆီဖုလား၊ Syringoma လား?” မသေချာရင် ကိုယ်တိုင်မညှစ်ဘဲ
စစ်ဆေးကြည့်ဖို့ အကြံပြုပါတယ်။

ကျန်းမာရေးဗဟုသုတတွေကို နားလည်လွယ်အောင် မျှဝေပေးနေပါတယ်။ ❤️

ကျေးဇူးတင်ပါတယ်။

#ဒေါက်တာဝေယံဖြိုး
#အရေပြားကျန်းမာရေး #မျက်လုံးဘေးအဖု #ချွေးဂလင်းအကျိတ်

02/09/2026

#အနာရွက်ထူကုသခြင်း (Treatment for Keloid or Hypertrophic Scar)

အရင် ရေးပေးခဲ့တဲ့ Post အဟောင်းပြန်တင်ထားတာပါခင်ဗျာ။

ဒါက လူတွေတော်တော်များများမှာတွေ့ရတတ်ပါတယ်။ ဖြစ်တတ်တဲ့ မျိုးရိုးရှိရင်ပိုဖြစ်ပါတယ်။ #နားရွက် #မျက်နှာ #မေးရိုး #ရင်ဘတ် #ပခုံး #လက်မောင်း နဲ့ #နောက်ကြောဖက်နေရာတွေမှာအဖြစ်များပါတယ်။
မျိုးရိုးမရှိရင်တောင် အနာကျတ်မှုဖြစ်စဉ်မှာ အနှောင့်အယှက်ဖြစ်တာ၊အနာရဲ့ကျယ်ပြန့်မှုကြောင့် #အနာရွတ်ထူ ( Scar) သို့ #အနာရွတ်အသီး ( Scar) ဖြစ်လာတတ်ပါတယ်။

အခုပြထားတဲ့လူနာက Tattoo ထိုးထားတာကိုပြန်ဖျက်ပြီးနောက်မှ အနာရွတ်ထူဖြစ်သွားခဲ့တာပါ။

❇️သင်ခန်းစာ(၁)
လူနာက တက်တူးကို လေဆာနဲ့ဖျက်ခဲ့တယ်ပြောပေမယ့် သေချာမေးကြည့်လိုက်တော့ လေဆာ နဲ့မဟုတ်ပဲ အခြားကိရိယာတခုခုနဲ့ Tattoo Artist ကိုယ်တိုင်ပဲဖျက်ပေးခဲ့တာလို့သိရပါတယ်။ တကယ်သာ Laser နဲ့ စနစ်တကျဖျက်ခဲ့ရင် ဒီလို အနာရွတ်ထူကြီးဖြစ်စရာမရှိပါဘူးဗျာ။

❇️သင်ခန်းစာ (၂)
ကျွန်တော့်ဆီ မရောက်ခင် အရှေ့မှာ အရေပြားဆေးခန်းပြခဲ့တယ်ပြောပါတယ်။ ၆လ လောက် လိမ်းဆေး သောက်ဆေး ၅မျိုးလောက် လိမ်းခဲ့ သောက်ခဲ့ရတယ်ပြောတယ်။ ကျွန်တော်ကရှင်းပြလိုက်ပါတယ်။ ဒီလိုအနာရွတ်ထူက "အနာရွတ်ထဲဆေးထိုးပြီးချပ်သွားအောင်လုပ်ရတာပါ သောက်ဆေးမရှိပါဘူး လိမ်းဆေးတွေ Plaster တွေလဲ ဒီလောက်အထူဖြစ်နေရင်မလွယ်ပါဘူး" လို့ပြောပြလိုက်ပါတယ်။

သိသင့်တာက အနာရွက်အထူတွေဆိုရင်ကုသတဲ့ အထိရောက်ဆုံးနည်းလမ်းက အနာရွတ်ထဲဆေးထိုးပြီးကုမှ ပျောက်မှာပါ။ သိပ်ကြီးမားတဲ့ အနာရွတ်ထူတွေဆိုရင် Surgical Excision လုပ်ပြီးမှ ဆေးထိုးတာမျိုးလုပ်လေ့ရှိပါတယ်။သောက်ဆေး လိမ်းဆေးတွေမထိရောက်နိုင်ပါ။ငွေကုန်တာပဲအဖတ်တင်လိမ့်မယ်။

❇️သင်ခန်းစာ(၃)
အနာရွတ်အထူတွေ ကုသတဲ့အခါ ရေဘုယျအားဖြင့် အနည်းဆုံး #၂ပတ်တခါ ကုသရပါတယ်။
ကုသမှု အကြိမ်အရေအတွက်နဲ့ ထည့်သွင်းတဲ့ဆေးအမျိုးအစား က ကုသချက်တုံ့ပြန်မှုအပေါ်မူတည်ပြီးပြောင်းလဲရပါတယ်။ ကုသတဲ့အခါ ဖြစ်န်ုင်ရင် ဆက်တိုက်ကုသဖြစ်ဖို့လည်းအရေးကြီးပါတယ်။ တကြိမ်ဆေးထိုးလိုက် ၂လ လောက်ခြားလိုက်နဲ့ဆို ပျောက်ဖို့မလွယ်ပါဘူး။
ဒီလူနာရဲ့အားသာချက်ကတော့ ပျောက်ကင်းလိုစိတ်ရယ် အချိန်မှန် ရက်ချိန်းမှန်မှန် ကုသခဲ့လို့ဖြစ်ပါတယ်။ ပထမ ၆လ လောက်မှာ ၂ ပတ်တခါ ကုသပြီး နောက်ပိုင်းတဖြည်းဖြည်းခြင်း အချိန်ပိုချဲပြီးကုသရနိုင်ပါတယ်။ ဥပမာ ၃ပတ်တခါ ၁လ တခါ စသဖြင့်ကုသတာပါ။

သတိ ⚠️ထားရမည့် Effectများ

ဒီလိုဆေးထိုးတဲ့အခါ လူနာရဲ့ ကိုယ်အလေးချိန်နဲ့ ဆေး ပမာဏ ချိန်ဆဖို့အရေးကြီးပါတယ်။ ဆီးချိုရှိမရှိ အခြားသောရောဂါတွေရှိမရှိသိဖို့လိုပါတယ်။ ဒါက အရေပြားထံထိုးတာမှန်ပေမယ့် နောက်ဆုံး ကိုယ်ခန္ဓာထဲကိုဝင်ရောက်နိုင်ပါတယ်။ဒါကြောင့် ဆေးထိုးမယ်ဆိုရင် အထူးသဖြင့် အနာရွတ်ကြီးမားကျယ်ပြန့်တယ်ဆိုရင် တခါတလေ တကြိမ်ထည်းရှိသမျှအနာရွတ်တွေအကုန်ထိုးလို့မရပါဘူး။ မြန်မြန်ပျောက်ချင်လို့ နေ့တိုင်း ထိုးလို့မရပါဘူး။ အနည်းဆုံး ၂ပတ်ခြားရပါတယ်။
ဒါကို သတိမပြုမိပဲ အလွန်အကျွံပျောက်ချင်ဇောနဲ့ ဆေးထိုး 💉ပြီး ဆီးချိုဖြစ်တာ အကြောတွေပြတ်တာ မျက်လုံးအတွင်းတိမ်စွဲတာ မျက်နှာတွေဖောင်းလာတာ အရိုးတွေပါးတာတွေဖြစ်နိုင်ပါတယ်။အဆိုးဆုံး Cushing Syndrome ထိဖြစ်နိုင်ပါတယ်။ စနစ်တကျကုသရင်တော့ ဒါတွေကမဖြစ်လာနိုင်ပါဘူး။

🤩ပုံထဲက လူနာကတော့ မြင်တဲ့အတိုင်းပဲ ကုသတာ ၂နှစ်ကြာခဲ့တယ် ၉၅% ပျောက်ကင်းခဲ့ပါတယ်။ ဘာ Side Effect မှ ဖြစ်တာလည်းမရှိပါဘူး။

နည်းမှန်လမ်းမှန် နဲ့ စနစ်တကျကုသဖို့တိုက်တွန်းလိုပါတယ်ဗျာ။

ကျေးဇူးတင်ပါတယ်။

#ဒေါက်တာဝေယံဖြိုး

01/09/2026

#ဖယောင်းချပ်မှဲ့ခြောက် (Seborrhoeic Keratosis)

အရေပြားပေါ်မှာ အညိုရောင်၊ အမည်းရောင် အဖုအဖတ်လေးတွေ ကပ်နေသလိုမျိုး တွေ့ဖူးကြပါလိမ့်မယ်။ အထူးသဖြင့် အသက်ရွယ်ရလာသူတွေ၊ သက်ကြီးပိုင်းတွေမှာ ပိုတွေ့ရလေ့ရှိတာကြောင့် အသက်ကြီးမှထွက်တဲ့ "အသက်အရွယ်ပြ မှဲ့" (Senile Spots) လို့လည်း အလွယ်ခေါ်ကြပါတယ်။

ဖယောင်းချပ်မှဲ့ခြောက်ဆိုတာ မှဲ့ (Mole) လား?

အဖြေမှန်ကတော့ မှဲ့ မဟုတ်ပါဘူး။
မှဲ့ (Mole) ဆိုတာ အရေပြားအောက်မှာရှိတဲ့ အရောင်ထုတ်ပေးတဲ့ ဆဲလ် (Melanocyte) တွေ စုပြုံရာကနေ ဖြစ်လာတာပါ။ Seborrhoeic Keratosis ကတော့ အရေပြားရဲ့ အပြင်ဘက်ဆုံးအလွှာ (Epidermis) က ဆဲလ်တွေ ပုံမှန်မဟုတ်ဘဲ အလွန်အမင်း ပွားများလာပြီး အမည်းရောင် အဖုအဖတ်လေးတွေ ပုံစံအဖြစ် ပြောင်းလဲသွားတာဖြစ်ပါတယ်။

အဝေးကကြည့်ရင် မှဲ့နဲ့ ဆင်တူနိုင်ပေမယ့် သေချာကြည့်ရင် အရေပြားပေါ်မှာ ဖယောင်းတုံး သို့မဟုတ် ရွှံ့စေးစိမ်းလေး ကပ်ထားသလို (Stuck-on appearance) ပုံစံမျိုး တွေ့ရတတ်ပါတယ်။

ဘာကြောင့် ဒီအဖုလေးတွေ ထွက်လာတာလဲ (သိပ္ပံနည်းကျ အကြောင်းအရင်း)

အရေပြားရဲ့ အပြင်ဘက်ဆုံးအလွှာမှာ keratinocytes ခေါ်တဲ့ ဆဲလ်အသစ်လေးတွေ ကမနားတမ်း ထွက်ပေးနေပါတယ်။ ပုံမှန်ဆိုရင် ဒီဆဲလ်အဟောင်းတွေဟာ ကွာကျသွားရမှာပါ။
ဒါပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် ဒီဆဲလ်တွေရဲ့ မျိုးဗီဇသင်္ကေတ တွေမှာ အပြောင်းအလဲဖြစ်ပြီး၊ ဆဲလ်အဟောင်းတွေက သဘာဝအတိုင်း မကွာကျတော့ဘဲ အရေပြားပေါ်မှာ အထပ်ထပ် စုပုံပွားများလာပါတယ်။ အဲဒီအခါမှာ အပေါ်သို့ မို့တက်လာပြီး ဖယောင်းချပ်မှဲ့ခြောက်Seborrhoeic Keratosis ဆိုတဲ့ အဖုအဖတ်လေးတွေ ဖြစ်လာတာပါ။

ဘာကြောင့်တချို့မှာ အဖြစ်များပြီး တချို့မှာ အဖြစ်နည်းတာလဲ?

ဒါဟာ အဓိကအားဖြင့် အချက် (၃) ချက်ပေါ် မူတည်ပါတယ်-

အသက်အရွယ် (Aging) - အသက် ၄၀ ကျော်လာတာနဲ့အမျှ အရေပြားဆဲလ်တွေရဲ့ စိစစ်ပွားများမှုစနစ် ကမောက်ကမဖြစ်နိုင်ခြေ ပိုများလာပါတယ်။

နေရောင်ခြည်ထိတွေ့မှု - (UV Exposure): နေရောင်ခြည်နဲ့ ခရမ်းလွန်ရောင်ခြည် ခိုင်ခိုင်မာမာ ထိတွေ့ရတဲ့ မျက်နှာ၊ လည်ပင်း၊ ရင်ဘတ်နဲ့ ကျောဘက်တွေမှာ ပိုအဖြစ်များပါတယ်။

အသားအရောင် - အသားဖြူသူတွေမှာ နေရောင်ခြည်ဒဏ်ကို ပိုမိုခံရလွယ်တာကြောင့် ပိုအဖြစ်များတတ်ပါတယ်။

အစားအသောက်၊ ဓာတ်ချို့တဲ့မှုနဲ့ ဆိုင်ပါသလား?

လုံးဝ မဆိုင်ပါ။ အစားရှောင်ရန် မလိုသလို၊ အစားအသောက်ကြောင့် အဖုတွေ ပိုထွက်လာတာမျိုးလည်း မရှိပါ။

ဓာတ်တခုခု ချို့တဲ့လို့ ဖြစ်တာလား?
ဗီတာမင် သို့မဟုတ် သတ္တုဓာတ် ချို့တဲ့ခြင်းကြောင့် မဟုတ်ပါ။

မျိုးရိုးနဲ့ ဆိုင်ပါသလား?

အလွန်ဆိုင်ပါတယ်။ မိဘ သို့မဟုတ် မျိုးရိုးထဲမှာ ဒီလိုအဖုအဖတ်တွေ အများကြီးထွက်တတ်တဲ့ ပြဇာတ်ရှိရင် မိမိမှာလည်း သဘာဝအတိုင်း အသက်ကြီးလာရင် အဖုအများကြီး ထွက်လာဖို့ ရာခိုင်နှုန်း အလွန်မြင့်ပါတယ်။

နောက်ဆက်တွဲ ဆိုးကျိုးနဲ့ ကင်ဆာအန္တရာယ်

ကင်ဆာ ဖြစ်နိုင်ပါသလား?
ကင်ဆာ လုံးဝ မဟုတ်သလို၊ ကင်ဆာ အဖြစ်သို့လည်း ပြောင်းလဲမသွားပါ။

အဓိက ဆိုးကျိုးများ - အမြင်မလှတာ၊ မျက်နှာပေါ်မှာ ရှင်းရှင်းလင်းလင်းမရှိတာ အနည်းယားယံတာ လောက်ပဲရှိတာဖြစ်ပါတယ်။ ဒါပေမယ့် အဝတ်အစားနဲ့ ပွတ်တိုက်မိတဲ့အခါ၊ ဒါမှမဟုတ် ကုတ်ဖဲ့မိတဲ့ အခါ ရောင်ရမ်းတာ၊ သွေးထွက်တာတွေ ဖြစ်တတ်ပါတယ်။
အန္တရာယ်မရှိသော်လည်း အမြင်မတင့်တယ်ပါက သို့မဟုတ် ပွတ်တိုက်မိ၍ အဆင်မပြေပါက စနစ်တကျ ဖယ်ရှားနိုင်ပါတယ်။

ဆေးခန်းမှာ ဘယ်လို စမ်းသပ်စစ်ဆေးပါသလဲ?

အလွယ်တကူပြောရရင် Seborrhoeic Keratosis (SK) ဖြစ်နေမှန်းကို ဆရာဝန်က အရေပြားကို သေချာကြည့်ရုံနဲ့ စက္ကန့်ပိုင်းအတွင်း သိနိုင်ပါတယ်။

အများအားဖြင့်အသားစယူပြီး စစ်ဆေးဖို့ (Biopsy) မလိုအပ်ပါဘူး။ ဒါပေမဲ့ အဖုပုံစံက ပုံမှန်မဟုတ်ဘဲ အရေပြားကင်ဆာနဲ့ ဆင်တူနေရင်တော့ အသားစယူစစ်ဆေးတာမျိုး လုပ်ရပါမယ်။

အဖုရဲ့ အနားသတ်ပုံစံ၊ အရေပြားမျက်နှာပြင် မညီမညာဖြစ်မှုနဲ့ အပြင်ကနေ သီးသန့်ကပ်ထားသလိုမျိုး ဖြစ်နေတဲ့ ပုံစံ (Stuck-on appearance) ကို ကြည့်ပြီး စစ်ဆေးပါတယ်။

အရေပြားအောက်ခြေအထိ သေချာမြင်ရအောင် မှန်ဘီလူးပါတဲ့ အထူးအလင်းရောင်သုံး ကိရိယာ (Dermatoscope) နဲ့ စစ်ဆေးတာ ဖြစ်ပါတယ်။ ဒီမှန်ဘီလူးအောက်မှာ အနက်စက် သေးသေးလေးတွေ (Comedo-like openings)၊ ပုလဲရောင် အစက်ဖြူလေးတွေ (Milia-like cysts) နဲ့ ဦးနှောက်အခေါက်ပုံစံ ခေါက်နေတဲ့ အရေပြားဆဲလ်အဆင်တန်ဆာ (Brain-like pattern) တွေကို တွေ့ရလေ့ရှိပါတယ်။

ဘယ်လိုအချိန်မျိုးမှာ အသားစယူစစ်ဆေးဖို့ (Biopsy) လိုမလဲ?

သေချာမရေရာတဲ့အခါ သို့မဟုတ် Melanoma နဲ့ Basal Cell Carcinoma စတဲ့ အရေပြားကင်ဆာ လက္ခဏာတွေနဲ့ ဆင်တူနေတဲ့အခါမျိုးမှာမှ အသားစ စစ်ဆေးလေ့ရှိပါတယ်။

လိမ်းဆေး/သောက်ဆေး ရှိပါသလား?
Seborrhoeic Keratosis ကို အမြစ်ပြတ် သောက်ဆေး သို့မဟုတ် လိမ်းဆေးဖြင့် ပျောက်ကင်းအောင် ကုသ၍ မရပါ။ (အချို့သော အက်ဆစ်ပြင်း လိမ်းဆေးအချို့ ရှိသော်လည်း စိတ်ချရမှုနဲ့ ထိရောက်မှုနည်းပါသည်)။

ဆေးခန်းတွင် ဖယ်ရှားနိုင်သော နည်းလမ်းများ
-Electrocautery / Radiofrequency (လျှပ်စစ်/လှိုင်းစွမ်းအင်သုံး အပူဖြင့် ကုတ်ဖျက်ခြင်း): ထုံဆေးစိမ့်ပြီး အဖုကို စက်ဖြင့် အလွယ်တကူ ခွာထုတ်နည်းဖြစ်ကာ အသုံးအများဆုံးနှင့် အထိရောက်ဆုံး နည်းလမ်းဖြစ်ပါတယ်။
-Cryotherapy (အေးခဲကုထုံး): Liquid Nitrogen (နိုက်ထရိုဂျင်အရည်) သုံးပြီး အဖုကို အေးခဲကာ ကွာကျအောင် လုပ်ပေးသည့်နည်း ဖြစ်ပါတယ်။
-Laser Treatment (လေဆာ): CO2 Laser သုံးပြီး အဖုကို စက်ဖြင့် သန့်စင်ပေးသည့် နည်းလမ်းဖြစ်ပါတယ်။
-Shave Excision: ဓားပြားဖြင့် ခွဲစိတ်ရာမကျန်အောင် ကင်းစင်အောင်ထုတ်ပေးသည့် နည်းလမ်းဖြစ်ပါတယ်။

အဖုတွေကို ထိရောက်စွာ ဖယ်ရှားပြီးရင် ပြန်ထွက်လာနိုင်သလား?

အဖုကို အမြစ်ပြတ် စနစ်တကျ ဖယ်ရှားပြီးပါက ထိုနေရာအတိုင်းမှာ ပြန်ထွက်လာဖို့ ရာခိုင်နှုန်း အလွန်နည်းပါတယ်။ ဒါပေမဲ့ ဖယ်ရှားစဉ်က အောက်ခြေမှာ အရေပြားဆဲလ် အနည်းငယ် ကျန်ရစ်ခဲ့မယ်ဆိုရင်တော့ လပေါင်းများစွာအကြာမှာ ဖြည်းဖြည်းချင်း ပြန်ကြီးလာနိုင်ပါတယ်။

လေဆာ သို့မဟုတ် ဓားပြားဖြင့် လှီးထုတ်ခြင်း (Laser / Shave Excision) - မို့တက်နေတဲ့ အဖုတစ်ခုလုံးကို ညီညာစွာ သန့်စင်ပေးနိုင်တာကြောင့် ပြန်ထွက်နိုင်ခြေ အလွန်နည်းပါတယ် (၂% မှ ၅% ခန့်သာ ရှိ)။

အေးခဲကုထုံး (Cryotherapy) - အမာရွတ် သို့မဟုတ် အကွက်ဖြူကျန်ခဲ့မှာ စိုးတဲ့အတွက် အရမ်းနက်နက် မအေးခဲဘဲ ထိန်းလုပ်ရတာကြောင့် ပြန်ထွက်နိုင်ခြေ နည်းနည်းပိုများပါတယ် (၁၀% ခန့် ရှိ)။

ဘယ်လိုအချိန်မှာ ဆေးခန်းပြသင့်လဲ?

ဖယောင်းချပ်မှဲ့ခြောက် Seborrhoeic Keratosis ဟာ အန္တရာယ်မရှိပေမယ့် အခြားသော အရေပြားကင်ဆာ (Melanoma သို့မဟုတ် BCC) များနှင့် အပြင်ပန်းသဏ္ဌာန် မှားယွင်းနိုင်ပါတယ်။

📌အောက်ပါ လက္ခဏာများ တွေ့ရှိပါက ဆရာဝန်နှင့် မဖြစ်မနေ စစ်ဆေးသင့်ပါတယ်-

-အဖုလေးက အချိန်တိုအတွင်း အရမ်းမြန်မြန် ကြီးလာလျှင်၊
-အနားသတ်များ မညီမညာဖြစ်ပြီး အရောင်စုံ (အမည်း၊ အညို၊ အနီ၊ အပြာ) ရောယှက်လာလျှင်၊--သွေးခဏခဏ ထွက်ပြီး ပြည်တည်ခြင်း၊ မကျက်နိုင်သော အနာဖြစ်လာလျှင်၊
ရုတ်တရက် ခန္ဓာကိုယ်အနှံ့ အဖုအသစ် အမြောက်အမြား တစ်ပြိုင်နက်တည်း ထွက်လာလျှင်
(အတွင်းအင်္ဂါ ကင်ဆာအချို့နှင့် ဆက်စပ်နိုင်)။

ဆောင်ရန် / ရှောင်ရန်များ

မကုတ်ပါနဲ့၊ မဖဲ့ပါနဲ့ - မိမိဘာသာ လက်သည်းဖြင့် ဖဲ့ခြင်း၊ အပ်ဖြင့် ထိုးခြင်း၊ ကြိုးဖြင့် ချည်ခြင်းများ လုံးဝ မလုပ်ရပါ။ ပိုးဝင်ပြီး ဘက်တီးရီးယားကူးစက်မှု (Infection) ဖြစ်ကာ အနာရွတ် ဆိုးဆိုးရွားရွား ကျန်ခဲ့နိုင်ပါတယ်။

အိမ်တွင်းကုထုံးများ မသုံးပါနှင့် - မမှန်ကန်သော အက်ဆစ်ပြင်းများ လိမ်းပါက အရေပြား လောင်ကျွမ်းပြီး အမာရွတ်ပိုကြီးသွားနိုင်ပါတယ်။

နေရောင်ခြည်ကာကွယ်ပါ - နေရောင်ခြည်ဒဏ် ကြောင့် အဖုအသစ်များ ထပ်မံထွက်ရှိမှုကို လျှော့ချနိုင်ရန် SPF 30 နှင့်အထက် ရှိသော Sunscreen ကို ပုံမှန်လိမ်းပေးပါ။

ကျွမ်းကျင်သူနှင့် ကုသပါ - ဖယ်ရှားလိုပါက အရေပြားဆရာဝန် သို့မဟုတ် စနစ်တကျ လေ့ကျင့်ထားသော ဆရာဝန်များနှင့်သာ အထက်ပါ စက်ကိရိယာများဖြင့် ဘေးကင်းစွာ ဖယ်ရှားပါ။

ဖယောင်းချပ်မှဲ့ခြောက် ဟာ အသက်အရွယ်ရလာရင် ဖြစ်လေ့ဖြစ်ထရှိတဲ့ သဘာဝအရေပြားပြောင်းလဲမှုတစ်ခုသာဖြစ်လို့ အလွန်အမင်း စိုးရိမ်စရာ မလိုပါဘူးခင်ဗျာ။

ကျေးဇူးတင်ပါတယ်။

#ဒေါက်တာဝေယံဖြိုး

24/08/2026

#ညဘက်အိပ်မပျော်ဘူး၊ ခြေသလုံး ကြွက်တက်တယ်၊ ခန္ဓာကိုယ် အသားတွေ ပူစပ်ပူလောင် ဖြစ်တယ်၊ တောက်လျှောက်လည်း နုံးချိနေတယ်...

လူတော်တော်များများက ဒါမျိုးဖြစ်ရင် "ဗီတာမင်ဓာတ် နည်းလို့ပါ" ဆိုပြီး အားဆေးတွေ ဝယ်သောက်လေ့ရှိကြပေမဲ့ တကယ်တော့ ဒါဟာ အာဟာရဓာတ် ချို့တဲ့တာတစ်ခုတည်းကြောင့် မဟုတ်ဘဲ အခြားသော ဆေးပညာဆိုင်ရာ အကြောင်းအရင်းများစွာကြောင့် ဖြစ်နိုင်ပါတယ်ခင်ဗျာ။

📌၁။ ဗီတာမင်နှင့် သတ္တုဓာတ် (Vitamins & Minerals) ချို့တဲ့ခြင်း

ခန္ဓာကိုယ်မှာ အာဟာရဓာတ် အချို့ နည်းသွားတဲ့အခါ အခုလို ဝေဒနာတွေ စတင်ခံစားရတတ်ပါတယ် -
Magnesium၊ Calcium၊ Potassium နဲ့ Sodium ဓာတ်တွေ နည်းသွားရင် ကြွက်သားတွေ ကျုံ့နိုင်ဆန့်နိုင်စွမ်း မမှန်တော့ဘဲ ကြွက်တက်လွယ်လာပါတယ်ဗျ။ Magnesium ချို့တဲ့ရင် အာရုံကြော စုဖွဲ့မှုကို အနားမပေးနိုင်ဘဲ အိပ်ရခက်တတ်သလို၊ Vitamin D နည်းတာကလည်း အိပ်စက်မှု စက်ဝိုင်း (Circadian Rhythm) ကို ထိခိုက်စေပါတယ်ခင်ဗျာ။ Vitamin B12၊ Vitamin D နဲ့ Iron (သံဓာတ်) နည်းရင် သွေးအားနည်းပြီး ခန္ဓာကိုယ်က စွမ်းအင် မထုတ်နိုင်ဘဲ တောက်လျှောက် နုံးခွေနေတတ်ပါတယ်ဗျ။ Vitamin B-Complex (အထူးသဖြင့် B1, B6, B12) နည်းရင် အာရုံကြောမျှင်လေးတွေ ရောင်ရမ်းပြီး ခြေဖဝါးနဲ့ အသားတွေ ပူစပ်ပူလောင် ဖြစ်တတ်ပါတယ်ခင်ဗျာ။

အယူမှား- ခြေဖဝါး ပူစပ်ပူလောင် ဖြစ်တာနဲ့ B-Complex အားဆေး အမြဲတမ်း သောက်ပေးရင် သက်သာသွားမယ်။
အမှန်တရား- B-Complex နည်းလို့ဖြစ်တာဆိုရင် သက်သာနိုင်ပေမဲ့ Vitamin B6 ပမာဏ အများကြီးကို လနဲ့ချီ ရေရှည်သောက်ရင် အာရုံကြော ပျက်စီးမှု (Pyridoxine Toxicity/Peripheral Neuropathy) ကို ပြန်ထိခိုက်စေနိုင်ပါတယ်။

📌၂။ ရောဂါအခံများနှင့် အခြား ဆေးပညာဆိုင်ရာ အကြောင်းအရင်းများ

သိုင်းရွိုက် ဟော်မုန်း ပုံမမှန်ခြင်း: သိုင်းရွိုက်ဟော်မုန်း များနေရင် (Hyperthyroidism) ကိုယ်အပူချိန်တက်၊ စိတ်ဂဏှာမငြိမ်ဘဲ အိပ်မပျော်ဖြစ်တတ်ပြီး၊ နည်းနေရင်လည်း (Hypothyroidism) တောက်လျှောက် နုံးချိနေတတ်ပါတယ်။

သွေးချို မထိန်းနိုင်ရင် အာရုံကြောတွေ ထိခိုက်ပြီး အသားပူတာ၊ ထုံကျင်တာတွေ ဖြစ်တတ်ပါတယ်ခင်ဗျာ။
ရေလုံလောက်အောင် မသောက်ရင် လျှပ်လိုက်ရည်တွေ နည်းသွားပြီး ကြွက်တက်တာနဲ့ နုံးချိတာတွေ ချက်ချင်း ဖြစ်နိုင်ပါတယ်။

စိတ်ဖိစီးမှုများရင် ကြွက်သားတွေ တင်းမာပြီး ကြွက်တက်လွယ်ခြင်း၊ ညဘက် အိပ်မပျော်ခြင်းနဲ့ မနက်နိုးရင် မလန်းဆန်းဘဲ နုံးနေခြင်းတို့ကို ဖြစ်စေပါတယ်ခင်ဗျာ။

အယူမှား - စိတ်ဖိစီးမှုများတာ စိတ်တစ်ခုတည်းကြောင့်မို့ ခန္ဓာကိုယ် အသားပူတာနဲ့ ကြွက်တက်တာကို မဖြစ်စေနိုင်ပါဘူး။

အမှန်တရား - စိတ်ဖိစီးမှုက အာရုံကြောစနစ်ကို လှုံ့ဆော်ပြီး ကြွက်သား တင်းမာတာ၊ အိပ်မပျော်တာနဲ့ အသားပူတာတွေကို တိုက်ရိုက် ဖြစ်စေပါတယ်။

📌၃။ ဟော်မုန်း မညီမျှခြင်း (Hormonal Imbalance)

ဟော်မုန်းစနစ် ကမောက်ကမဖြစ်တာဟာ အမျိုးသမီးတွေနဲ့ သက်ကြီးပိုင်းတွေမှာ ဒီဝေဒနာတွေကို ဖြစ်စေတဲ့ အဓိက တရားခံပါပဲ။

Cortisol (စိတ်ဖိစီးမှု ဟော်မုန်း) ပမာဏ ညဘက်မှာ ကျမသွားဘဲ မြင့်နေရင် အာရုံကြောတွေ နိုးကြားပြီး ညဘက် အိပ်မပျော်တာ၊ အသားတွေ ပူနွေးလာတာနဲ့ မနက်နိုးရင် နုံးချိနေတာမျိုး ဖြစ်စေပါတယ်ခင်ဗျာ။သွေးဆုံးခါနီးနဲ့ သွေးဆုံးပြီးချိန်တွေမှာ Estrogen ဟော်မုန်း ကျသွားရင် ဦးနှောက်ရဲ့ အပူချိန်ထိန်းစနစ် ပျက်စီးပြီး အသားတွေ ပူစပ်ပူလောင်ဖြစ်ခြင်း (Hot Flashes)၊ ညဘက် ချွေးစိမ်းပြန်ခြင်းနဲ့ အိပ်မပျော်ခြင်းတို့ ဖြစ်တတ်ပါတယ်။

ပါရာသိုင်းရွိုက် ဟော်မုန်း Parathyroid Hormone (PTH) ပုံမမှန်ရင် ခန္ဓာကိုယ်ထဲက Calcium ဓာတ်ညီမျှမှုကို ပျက်စီးစေလို့ ပြင်းထန်စွာ ကြွက်တက်စေပါတယ်ခင်ဗျာ။

အယူမှား - အမျိုးသမီးတွေ သွေးဆုံးခါနီးဖြစ်တဲ့ အသားပူတာနဲ့ အိပ်မပျော်တာက စိတ်ကြောင့် ဖြစ်တာပါ။
အမှန်တရား - Estrogen ဟော်မုန်း ကျသွားလို့ ဦးနှောက်ရဲ့ အပူချိန်ထိန်းစနစ် ကမောက်ကမဖြစ်ပြီး ရုပ်ပိုင်းဆိုင်ရာအရ အသားပူတာနဲ့ အိပ်မပျော်တာတွေ ဖြစ်လာတာပါ။

📌၄။ ခုခံအားစနစ် ပြန်တိုက်သည့် ရောဂါများ (Autoimmune Diseases)

ခုခံအားစနစ်က ပုံမှန်မဟုတ်ဘဲ မိမိရဲ့ ဆဲလ်တွေနဲ့ အာရုံကြောတွေကို မှားယွင်း တိုက်ခိုက်တဲ့အခါ သွေးစစ်ချက် ပုံမှန်ပြနေပေမဲ့ ဝေဒနာတွေ ပြင်းထန်စွာ ခံစားရတတ်ပါတယ်။

အာရုံကြောမျှင် သေးသေးလေးတွေကို တိုက်ခိုက်ပြီး Small Fiber Neuropathy (SFN) ကို ဖြစ်စေတာမို့ အသားတွေ ပူစပ်ပူလောင်ဖြစ်တာ၊ ထုံကျင်တာနဲ့ နာတာရှည် နုံးချိတာတွေ ဖြစ်စေပါတယ်ခင်ဗျာ။

ခန္ဓာကိုယ်တွင်း နာတာရှည် ရောင်ရမ်းမှုကြောင့် ဆဲလ်တွေက စွမ်းအင် မထုတ်နိုင်တော့ဘဲ အလွန်အမင်း နုံးချိတာ၊ အရိုးအဆစ်နဲ့ အသားတွေ ပူစပ်ပူလောင် နာကျင်တာတွေ ကြုံရတတ်ပါတယ်။

ခုခံအားစနစ်က သိုင်းရွိုက်ဂလင်းကို တိုက်ခိုက်လို့ ဟော်မုန်း နည်းသွားရင် နုံးချိတာ၊ ကြွက်တက်တာနဲ့ အိပ်မပျော်တာတွေ ဆက်တိုက် ဖြစ်လာပါတယ်ခင်ဗျာ။

အယူမှား - ခုခံအားစနစ် ရောဂါ (Autoimmune Disease) ရှိနေရင် ပုံမှန် သွေးစစ်ချက်တွေမှာ အမြဲတမ်း ပုံမမှန်တာ ပေါ်လေ့ရှိတယ်။

အမှန်တရား - Autoimmune ကြောင့်ဖြစ်တဲ့ အာရုံကြော ထိခိုက်မှု အချို့ (ဥပမာ- Small Fiber Neuropathy) ဟာ ပုံမှန် သွေးစစ်ချက်တွေမှာ မပေါ်ဘဲ သီးသန့် သွေးစစ်ချက် (ANA) သို့မဟုတ် Skin Biopsy လုပ်မှ သိနိုင်ပါတယ်။

📌၅။ အခြားသော ရောဂါအခံများ (Underlying Conditions)

Chronic Kidney Disease (နာတာရှည် ကျောက်ကပ်ရောဂါ) - ကျောက်ကပ်က အမှိုက်တွေကို မစွန့်ထုတ်နိုင်ရင် သွေးထဲမှာ ယူရီးယားဓာတ်တွေ စုပုံလာပြီး အသားပူတာ၊ ယားယံတာနဲ့ ညဘက် ခြေထောက် မငြိမ်မသက်ဖြစ်ပြီး ကြွက်တက်တာ (Restless Legs Syndrome) တွေ ဖြစ်လာပါတယ်။

Sleep Apnea (အိပ်ပျော်စဉ် အသက်ရှူရပ်သည့် ရောဂါ) - ညဘက် အိပ်နေစဉ် ဦးနှောက်ထံ အောက်ဆီဂျင် လုံလောက်စွာ မရောက်ရင် ညဘက် မကြာခဏ နိုးတာ၊ မနက်နိုးရင် ခန္ဓာကိုယ် အားမရှိဘဲ နုံးချိနေတာတွေ ဖြစ်စေပါတယ်။

Post-viral Infections (Long COVID) - ဗိုင်းရပ်စ် ပိုးဝင်ထားမှု နောက်ဆက်တွဲကျန်ရှိနေရင် ခန္ဓာကိုယ်က နာတာရှည် နုံးချိတဲ့ ဝေဒနာကို ရာသီလပေါင်းများစွာ ခံစားရစေပါတယ်ခင်ဗျာ။

အယူမှား - အိပ်ရေးဝအောင် အချိန်အကြာကြီး အိပ်လိုက်ရင် မနက်နိုးတဲ့အခါ နုံးချိတာတွေ ပျောက်သွားမယ်။
အမှန်တရား - Sleep Apnea သို့မဟုတ် Post-viral Fatigue ရှိသူတွေဟာ နာရီပေါင်းများစွာ အိပ်ပေမဲ့ အောက်ဆီဂျင် လုံလောက်စွာ မရလို့ မနက်နိုးရင် ဆက်လက် နုံးချိနေတတ်ပါတယ်။

📌၆။ Vitamins & Minerals ချို့တဲ့ခြင်း ဟုတ်/မဟုတ် ဆန်းစစ်ခြင်းနှင့်
အားဆေးအမျိုးအစားသုံးစွဲနိုင်မှုသတိပြုရန်အချက်များ

ရေတွင်ပျော်ဝင်သော ဗီတာမင်များ Water-soluble Vitamins (Vitamin B-Complex, Magnesium) စမ်းသောက်ကြည့်လို့ ရပါတယ်။ ပိုလျှံရင် ဆီးထဲက စွန့်ထုတ်ပေးပေမဲ့ Vitamin B6 ကို ပမာဏအများကြီး ရေရှည် မသောက်သင့်ပါဘူး။

အဆီမှာ ပျော်ဝင်တဲ့ ဗီတာမင်တွေ Fat-soluble & Minerals (Iron, Vitamin A, D, E, K) သွေးမစစ်ဘဲ မသောက်သင့်ပါ။အဆီမှာ ပျော်ဝင်တဲ့ ဗီတာမင်တွေနဲ့ သံဓာတ်ဟာ ပိုလျှံရင် စုပုံပြီး အသည်းနဲ့ အင်္ဂါတွေကို ပျက်စီးစေနိုင်ပါတယ်။

အယူမှား- အားဆေးနဲ့ ဗီတာမင် ဆိုတာ ဘာပဲသောက်သောက် ခန္ဓာကိုယ်အတွက် ကောင်းတာချည်းပဲမို့ သွေးမစစ်ဘဲ သောက်လို့ ရတယ်။
အမှန်တရား -Iron (သံဓာတ်) နဲ့ အဆီမှာ ပျော်ဝင်တဲ့ ဗီတာမင်တွေကို သွေးမစစ်ဘဲ သောက်ရင် ခန္ဓာကိုယ်ထဲ စုပုံပြီး အသည်းနဲ့ အင်္ဂါတွေကို ပျက်စီးစေနိုင်ပါတယ်။

📌၇။ ဆေးစစ်ချက်များ အားလုံး "ပုံမှန်" ဖြစ်နေပါလျက် အဘယ်ကြောင့် ဝေဒနာ မသက်သာသနည်း?

ဗီတာမင်တွေလည်း သောက်ထားပြီးပြီ၊ သွေးစစ်ချက် (Lab Results) တွေမှာလည်း ပုံမှန်ဖြစ်နေပေမဲ့ မသက်သာရင်တော့ -

Autonomic Nervous System Dysregulation: အာရုံကြောစနစ် အလွန်အမင်း စွန့်ကြွနေရင် သွေးစစ်ချက် ပုံမှန်ဖြစ်နေပေမဲ့ အသားပူတာ၊ နှလုံးတုန်တာနဲ့ အိပ်မပျော်တာတွေ ဖြစ်စေပါတယ်။

Small Fiber Neuropathy (SFN): အပူချိန်နဲ့ နာကျင်မှုကို ထိန်းချုပ်တဲ့ အာရုံကြောမျှင် လေးတွေ ပျက်စီးတာဖြစ်ပြီး ပုံမှန် သွေးစစ်ချက်မှာ မပေါ်ဘဲ အသားပူတာ အပ်နှင့်ထိုးသကဲ့သို့ ခံစားရစေပါတယ်။

Chronic Fatigue Syndrome (ME) & Fibromyalgia: သွေးစစ်ချက်မှာ မပေါ်ဘဲ နုံးချိတာ၊ အရိုးအဆစ်/အသားတွေ ပူစပ်ပူလောင် နာကျင်တာနဲ့ အိပ်မပျော်တာတွေကို ဖြစ်စေပါတယ်။

အယူမှား - သွေးစစ်ချက်တွေ အကုန် ပုံမှန်ထွက်နေရင် ဝေဒနာရှင် ခံစားရတာတွေဟာ စိတ်ကူးယဉ် စိတ်အစွဲကြောင့်ပဲ ဖြစ်တာပါ။
အမှန်တရား - ပုံမှန် သွေးစစ်ချက်တွေဟာ အသည်း၊ ကျောက်ကပ်နဲ့ အဓိက အင်္ဂါကြီးတွေ ပျက်စီးမှုကိုပဲ ပြနိုင်ပြီး အာရုံကြောစနစ် မညီမျှမှု သို့မဟုတ် Small Fiber Neuropathy လို ဝေဒနာတွေကို မပြနိုင်ပါဘူး။

✅✅အကြံပြုချက်

သွေးစစ်ချက်တွေ အားလုံး ပုံမှန်ဖြစ်နေတာဟာ အသည်း၊ ကျောက်ကပ်နဲ့ အဓိက အင်္ဂါတွေ ပျက်စီးတာ မရှိဘူးလို့ ပြနေတာမို့ အသက်အန္တရာယ်အတွက် ချက်ချင်း စိုးရိမ်စရာ မဟုတ်ပါဘူးခင်ဗျာ။

ဒါပေမဲ့ ဒီဝေဒနာတွေ ဆက်ဖြစ်နေရင်တော့ အထွေထွေ အားဆေးတွေ ဆက်သောက်မနေဘဲ ခေတ္တရပ်ပါ။ ပြီးရင်တော့ အာရုံကြော အထူးကု သို့မဟုတ် အထွေထွေရောဂါကု ဆရာဝန်ကြီးများနဲ့ ပြသပြီး အာရုံကြော စစ်ဆေးမှုများ (Autonomic Testing)၊ ဟော်မုန်း စစ်ဆေးချက်များ (Cortisol, Estrogen)၊ ခုခံအားစနစ် စစ်ဆေးချက်များ (ANA) နဲ့ Sleep Study စတာတွေကို လိုအပ်သလို ထပ်မံ ရှာဖွေကုသမှု ခံယူကြဖို့ တိုက်တွန်းချင်ပါတယ်။

အားလုံး ကျန်းမာပျော်ရွှင်ပြီး သက်ရှည်ကျန်းမာကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်ခင်ဗျာ။

#ဒေါက်တာဝေယံဖြိုး

Category

Website

Address


Yangon

Alerts

Be the first to know and let us send you an email when Dr Wai Yan Phyo posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Yangon.