Chiang Mai FYI

Chiang Mai FYI

แชร์

Updates and events around Chiang Mai CNX and Thailand

17/06/2026

ဒီနေ့ညနေ ၄ နာရီ ၄၅ မိနစ်ဝန်းကျင်မှာ ချင်းမိုင်မြို့ထဲမှာရှိတဲ့ Lotus ကုန်တိုက်တစ်ခုမှာ ဖြစ်ပွားခဲ့တာပါ။ ထိုင်းသတင်းတွေရဲ့အဆိုအရ ရှမ်းလူငယ် ၃ ယောက်က ဆိုင်ထဲက မုန့်တွေ၊ အသင့်စားထုပ်တွေနဲ့ ရေခဲမုန့်တွေ ယူပြီး ဆိုင်ကယ်ပေါ်တက် မောင်းပြေးခဲ့ကြပါတယ်။ ဒါကိုမြင်လိုက်တဲ့ လုံခြုံရေးဝန်ထမ်းက လှမ်းအော်ခေါ်ပေမဲ့ သူတို့ မောင်းပြေးသွားကြတာပါ။

ဒီလိုနဲ့ ရဲကိုအကြောင်းကြားတော့ ရဲစခန်းပေါင်းစုံက အချင်းချင်းချိတ်ဆက်ပြီး ဆိုင်ကယ်နံပါတ်အပါအဝင် လူ ၃ ဦးရဲ့ ပုံသဏ္ဍာန်ကို သတင်းဖြန့်လိုက်ပါတော့တယ်။ မြို့ထဲက Buak Hard ပန်းခြံနားမှာ ယာဉ်ထိန်းရဲတွေက သူတို့ဆိုင်ကယ်ကို တွေ့သွားပြီး တားဆီးကာ ဖမ်းလိုက်နိုင်ပါတော့တယ်။ ဒီလိုဖမ်းဆီးချိန်မှာ တစ်ယောက်က ဆိုင်ကယ်ပေါ်က ခုန်ချပြီး ထွက်ပြေးသွားလို့ လိုက်ရှာနေရဆဲ ဖြစ်ပါတယ်။

ဖမ်းမိသူ နှစ်ယောက်က အသက် ၂၀ ဝန်းကျင် ရှမ်းလူငယ်တွေဖြစ်ကြပါတယ်။ သူတို့ရဲ့ နေ့စားအလုပ်ကရတဲ့ ဝင်ငွေက စားသောက်ဖို့မလုံလောက်တာကြောင့် ၃ ယောက်ပေါင်းပြီး အခုလို ခိုးယူခဲ့တာလို့ ဝန်ခံသွားပါတယ်။

#ချင်းမိုင် #ချင်းမိုင်သတင်း #ထိုင်းရောက်မြန်မာများ #ထိုင်းသတင်း #ထိုင်း

17/06/2026

မနေ့က ၁၆ ရက်နေ့မှာ ချင်းရိုင်ခရိုင် လဝကအဖွဲ့က ထိုင်း-မြန်မာ နယ်စပ်တံတားအနီးမှာရှိတဲ့ မယ်ဆိုင်စျေးထဲမှာ မြန်မာနိုင်ငံသားတွေ တရားမဝင်အလုပ်လုပ်နေမှု ရှိမရှိကို ဝင်ရောက်စစ်ဆေးခဲ့ပါတယ်။

ဒီစစ်ဆေးမှုအတွင်း ဝေါ့ပါမစ်မရှိသူကို ခန့်ထားမှုနဲ့ ထိုင်းအလုပ်ရှင်တစ်ဦး၊ ဝေါ့ပါမစ်မရှိဘဲ အလုပ်လုပ်နေတဲ့ နိုင်ငံခြားသားတစ်ဦး၊ နေထိုင်ခွင့်ရက်ကျော်လွန်နေတဲ့ နိုင်ငံခြားသားတစ်ဦးတို့ကို ဖမ်းဆီးအရေးယူခဲ့တယ်လို့ ချင်းရိုင်လဝကအဖွဲ့က ဖော်ပြထားပါတယ်။

#ချင်းရိုင် #ထိုင်းရောက်မြန်မာများ #ထိုင်းသတင်း #ထိုင်း

17/06/2026

ချင်းမိုင်မြို့၊ ဟန်ဒုန်းက Sob Mae Kha မှာရှိတဲ့ စျေးတစ်ခုအတွင်းက ဆိုင်တွေကို ချင်းမိုင် လဝကအဖွဲ့နဲ့ အလုပ်သမားကြီးကြပ်ရေးအဖွဲ့တို့ ဝင်စစ်ဆေးခဲ့ပါတယ်။ မနေ့က ဇွန်လ ၁၆ ရက်နေ့မှာပါ။

ဒီလို စစ်ဆေးရာမှာ ဝေါ့ပါမစ်မရှိဘဲ သစ်သီးဆိုင်ဖွင့်လှစ်ရောင်းချနေတဲ့ နိုင်ငံခြားသားတစ်ဦးကို ဖမ်းဆီးရမိတယ်လို့ ဖော်ပြထားပါတယ်။ သူက ဒီအသီးဆိုင်ကို ဖွင့်လှစ်ရောင်းချနေတာ ၂ နှစ်ခန့်ရှိပြီဖြစ်ပြီး ဘယ်သူဌေးလက်အောက်မှာမှ မဟုတ်ဘူးလို့ ဝန်ခံသွားပါတယ်။

ဒါ့အပြင် ဒီလိုဆိုင်ဖွင့်ရောင်းချခြင်းက ထိုင်းနိုင်ငံသားတွေသာ လုပ်ကိုင်ခွင့်ရှိတဲ့ အလုပ်အမျိုးအစား ဖြစ်ပါတယ်။

ဒါကြောင့် သူ့ကို “နိုင်ငံခြားသားက ဝေါ့ပါမစ်မရှိဘဲ အလုပ်လုပ်ကိုင်မှု” နဲ့ အရေးယူဖို့ ဟန်ဒုန်းရဲစခန်းကို လွှဲပြောင်းထားတယ်လို့ ဆိုပါတယ်။

#ချင်းမိုင်သတင်း #ချင်းမိုင် #ထိုင်းသတင်း #ထိုင်းရောက်မြန်မာများ #ထိုင်း

16/06/2026

နိုင်ငံခြားသားတွေ တရားမဝင် အလုပ်လုပ်နေကြောင်း သတင်းပေးချက်တစ်ခုအရ ချင်းမိုင်လဝကအဖွဲ့နဲ့ အလုပ်သမားကြီးကြပ်ရေးအဖွဲ့တို့က ချင်းမိုင်မြို့၊​ ဟန်ဒုန်းခရိုင်၊ နောင်ခွိုင်မှာ ဝင်စစ်ခဲ့ကြပါတယ်။ အဲဒီမှာ အွန်လိုင်းကနေ ဘုရားပုံတော်နဲ့ အဆောင်လက်ဖွဲ့တွေကို တရုတ်လူမျိုးတွေအချင်းချင်း ပြန်ရောင်းနေတဲ့ တရုတ်နိုင်ငံသားတစ်ဦးကို တွေ့ရှိခဲ့ပါတယ်။ သူက DTV ဗီဇာ ကိုင်ဆောင်ထားတာဖြစ်ပြီး ဝေါ့ပါမစ် မရှိပါဘူး။

သူ့ရဲ့နေအိမ်မှာပဲ အိမ်အကူလုပ်ကိုင်နေတဲ့ မြန်မာအမျိုးသမီးတစ်ဦးကို တွေ့ရှိခဲ့ပြီး စစ်ဆေးကြည့်ရာမှာ ဝေါ့ပါမစ်အပါအဝင် အထောက်အထားစုံပေမဲ့လည်း သူဌေးပြောင်းထားတာကို ၁၅ ရက်အတွင်း သတင်းပို့မထားတာကို တွေ့ရှိခဲ့ပါတယ်။ သူက ဒီအိမ်မှာ အလုပ်ဝင်တာ ၁ လခန့်ရှိပြီလို့ ထွက်ဆိုခဲ့ပါတယ်။

ဒါကြောင့် သူတို့နှစ်ဦးလုံးကို အရေးယူနိုင်ဖို့အတွက် သက်သေခံပစ္စည်းများနှင့်အတူ ဟန်ဒုန်းရဲစခန်းဆီ လွှဲပြောင်းလိုက်ပါတယ်။

Ref - Chiangmai Immigration's FB

#ချင်းမိုင်သတင်း #ချင်းမိုင် #ထိုင်းရောက်မြန်မာများ #ထိုင်းသတင်း #ထိုင်း

16/06/2026

မယ်ဟောင်ဆောင်ခရိုင်ထဲက ရွာလေးရဲ့ ကုန်စုံဆိုင်ကနေ ကြက်ဥဝယ်သွားသူတွေက အိမ်ရောက်လို့ ပြုတ်စားကြည့်တဲ့အခါ ကြက်ဥရဲ့ အရောင်က ထူးဆန်းနေလို့ လန့်သွားကြပါတယ်။ ကြက်ဥ အကာသားတွေက ပန်းရောင်ဖြစ်နေပြီး အနှစ်က လိမ္မော်ရောင် ဖြစ်နေလို့ပါ။

ဒါကြောင့် စိုးရိမ်သွားကြပြီး ခရိုင်ရုံးက တာဝန်ရှိသူတွေကို ခေါ်လိုက်ရပါတော့တယ်။ တာဝန်ရှိသူတွေက ကုန်စုံဆိုင်ကို သွားရောက်စစ်ဆေးခဲ့ပါတယ်။ ဆိုင်ရှင်ကတော့ ဒီကြက်ဥတွေကို ချင်းမိုင်က ဒိုင်ကနေ ဝယ်ယူထားတာလို့ ဖြေထားပြီး၊ နောက်ထပ် ဒီလိုကြက်ဥတွေ ထပ်ပါလာရင် သူ့ဆိုင်က ပြန်လဲပေးမယ့်အကြောင်းနဲ့ စစ်ဆေးခံဖို့လည်း ပူးပေါင်းသွားမယ်လို့ သိရပါတယ်။

Ref - คนล้านนา

#ချင်းမိုင်သတင်း #ထိုင်းရောက်မြန်မာများ #ထိုင်းသတင်း #ထိုင်း

15/06/2026

ချင်းမိုင်မြို့၊ ဖူးဖင်းရဲစခန်းနဲ့ အဖွဲ့ဟာ စစ်ဆေးရေးဂိတ်တွေမှာ မြေပြင်ရဲတပ်ဖွဲ့ဝင်တွေကို ကူညီပံ့ပိုးပေးနိုင်ဖို့အတွက် "ဒရုန်းကင်းလှည့်စနစ်" ကို စတင် အသုံးပြုစေခဲ့ပြီ ဖြစ်ပါတယ်။

အဓိက ရည်ရွယ်ချက်က စစ်ဆေးရေးဂိတ်နား ရောက်ခါနီးမှ မူမမှန်တော့တဲ့ ယာဉ်တွေ၊​ ပြန်လှည့်ပြေးသူတွေနဲ့ စစ်ဆေးမှုမခံယူဘဲ ထွက်ပြေးသူတွေကို အပေါ်စီးကနေ ခြေရာခံနိုင်အောင် အခုလိုမျိုး ဒရုန်းတပ်ဆင်ပေးခဲ့တာလို့ ဖော်ပြထားပါတယ်။

#ချင်းမိုင်သတင်း #ချင်းမိုင် #ထိုင်းရောက်မြန်မာများ #ထိုင်းသတင်း #ထိုင်း

15/06/2026

ချင်းမိုင်-ဘန်ကောက် ရထားစီးရင် ဒီဘူတာကနေ ဖြတ်ရပြီး ဒီလှိုင်ခေါင်းမည်းမည်းမှောင်မှောင်ကြီးကို အကြာကြီး ဖြတ်ရတာ သတိထားမိမှာပါ။ ဒီလှိုင်ခေါင်းက ၁.၄ ကီလိုမီတာ​ ရှည်လျားပြီး ထိုင်းနိုင်ငံမှာ အရှည်လျားဆုံး ရထားလှိုဏ်ဂူမို့ နာမည်ကျော်ပဲ ဖြစ်ပါတယ်။ လမ်ဖွန်ခရိုင်မှာ တည်ရှိပါတယ်။

မနေ့ကညနေပိုင်း ၅ နာရီခန့်အချိန်မှာတော့ ဒီလှိုဏ် ခေါင်းမှာ မြေပြိုပြီး ရထားလမ်း ပိတ်သွားခဲ့ပါသေးတယ်။ ရထားတွေလည်း ဖြတ်ခွင့်မရဘဲ စောင့်နေခဲ့ကြရပါတယ်။ အမှတ် ၁၄ ရထားက လမ်ဖွန်ဘူတာမှာ ရပ်စောင့်ခဲ့ရပြီး၊ အမှတ် ၁၀ ရထားက ချင်းမိုင်ဘူတာမှာ စောင့်နေခဲ့ရပါတယ်။

လန်ဖွန်ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာနနဲ့ သက်ဆိုင်ရာဌာနတွေ ပူးပေါင်းကာ တွေကို အမြန်ဆုံး ဖယ်ရှားရှင်းလင်းခဲ့ကြလို့ အဲ့ဒီနေ့ည ၇ နာရီခွဲမှာတင် ရထားလမ်းပိုင်းကို ပြန်လည်ဖွင့်လှစ်ပေးနိုင်ခဲ့ပါတယ်။ ဒါကြောင့် အမှတ် ၁၄ ရထားက ည ၇ နာရီ ၄၃ မိနစ်မှာ ခွန်တန်ဘူတာကို လာဆိုက်နိုင်ခဲ့ပါတယ်။

#ချင်းမိုင်သတင်း

12/06/2026

ဥဒုံသနီမြို့နယ်၊ မာ့ခဲန်းက ရေမြောင်းတစ်ခုရဲ့ ဘေးနားက သစ်ပင်အောက်မှာ မွေးကင်းစကလေးငယ်တစ်ဦးကို စွန့်ပစ်ထားတာ တွေ့ရှိခဲ့လို့ ရဲတပ်ဖွဲ့နဲ့ ကယ်ဆယ်ရေးသမားတွေက CPR တွေလုပ်ပြီး အသက်လုကယ်တင်ခဲ့ကြပေမဲ့ ကလေးငယ်ဟာ အသက်မရှင်နိုင်ခဲ့ပါဘူး။ စီစီတီဗီမှတ်တမ်းတွေကို ပြန်စစ်ပြီး ကလေးစွန့်ပစ်သွားတဲ့ မသင်္ကာဖွယ် နိုင်ငံခြားသားစုံတွဲကို ဖော်ထုတ်နိုင်ခဲ့ကာ ဇွန်လ ၁၁ ရက် ညပိုင်းမှာ သူတို့တည်းခိုနေတဲ့ ဟိုတယ်တစ်ခုမှာ ဝင်ရောက်ဖမ်းဆီးနိုင်ခဲ့ပါတယ်။

တရားခံတွေကတော့ အသက် ၃၉ နှစ်အရွယ် အမေရိကန်နိုင်ငံသူနဲ့ အသက် ၂၉ နှစ်အရွယ် ဆွီဒင်နိုင်ငံသားတို့ ဖြစ်ကြပါတယ်။ သူတို့နှစ်ဦးဟာ ထိုင်းနိုင်ငံထဲကို သုဝဏ္ဏဘူမိလေဆိပ်ကနေတစ်ဆင့် TR visa နဲ့ ဝင်ရောက်လာခဲ့ကြတာဖြစ်ပေမဲ့ ၂၀၂၆ ခုနှစ် မတ်လကတည်းက ဗီဇာသက်တမ်းကုန်သွားပြီမို့ အိုဗာစတေးတွေ ဖြစ်နေတာကိုလည်း တွေ့ရှိရပါတယ်။

ရဲတပ်ဖွဲ့ရဲ့ ထောက်လှမ်းမှုအရ အဆိုပါအမျိုးသမီးဟာ ကလေးကို နောင်ခိုင်ခရိုင်မှာ ကိုယ်တိုင်မွေးဖွားခဲ့တာဖြစ်ပြီး အဲ့ဒီနောက်မှ ဥဒုံသနီဘက်ကို ခရီးနှင်လာခဲ့ကြတာပါ။ ကလေးကို မစွန့်ပစ်ခင်မှာ ဒေသခံတစ်ဦးက သူတို့စုံတွဲကို မြင်တွေ့ခဲ့တယ်လို့ဆိုပါတယ်။ ဒီဒေသခံရဲ့ ထွက်ဆိုချက်အရ အဲဒီတုန်းက အမျိုးသမီးဖြစ်သူဟာ ရင်ခွင်ထဲမှာ အဝတ်ပတ်ထားတဲ့ အရာတစ်ခုကို ပွေ့ချီပြီး အိမ်သာတစ်လုံးဆီ သွားခဲ့ကြောင်း၊ အိမ်သာက သော့ပိတ်ထားတာတွေ့တော့ လှည့်ပြန်သွားကြောင်း ပြောပြပါတယ်။ အဲဒီအချိန်တုန်းကတော့ ဒေသခံတွေက နိုင်ငံခြားသားခရီးသွားတွေ ကလေးချီထားတယ်လို့ပဲ ထင်ခဲ့ကြတာပါတဲ့။

ရဲစခန်းမှာ စစ်ဆေးမေးမြန်းတဲ့အခါမှာတော့ ဒီနိုင်ငံခြားသားစုံတွဲဟာ စီစီတီဗီသက်သေ အထောက်အထားတွေ ရှိနေတာတောင်မှ ငြင်းဆိုခဲ့ကြပါသေးတယ်။ စီစီတီဗီမှတ်တမ်းတွေကို ချပြလိုက်တဲ့အခါမှာ သူတို့နှစ်ဦးလုံး ခဏတာ ငြိမ်ကျသွားခဲ့ပေမဲ့ ပြစ်မှုကိုတော့ ဆက်လက်ငြင်းဆိုနေဆဲ ဖြစ်ပါတယ်။ ပိုပြီးထူးဆန်းတာကတော့ စစ်ဆေးနေစဉ်အတွင်းမှာ သူတို့စုံတွဲဟာ ဘယ်ဘာသာစကားမှန်းမသိတဲ့ ထူးဆန်းတဲ့ စကားလုံးတွေကို သုံးနှုန်းပြောဆိုပြီး လက်တွေကိုလည်း စည်းချက်ကျကျ လှုပ်ရှားပြနေခဲ့တာကြောင့် စုံစမ်းစစ်ဆေးရေးအရာရှိတွေပါ အတော်လေး မျက်စိလည်ခဲ့ရပါတယ်တဲ့။

လောလောဆယ်မှာတော့ သူတို့စုံတွဲကို ကြိုတင်ကြံစည်လူသတ်မှု၊ အသက် ၉ နှစ်အောက် ကလေးငယ်ကို စောင့်ရှောက်မယ့်သူမရှိတဲ့နေရာမှာ စွန့်ပစ်ပြီး အသက်ဆုံးရှုံးစေမှု ပုဒ်မတွေနဲ့ ကနဦး အမှုဖွင့်တရားစွဲဆိုထားပါတယ်။ တစ်ပတ်သားအရွယ်ပဲ ရှိသေးတဲ့ မွေးကင်းစကလေးငယ်ကို အခုလို အခြေအနေမျိုးမှာ စွန့်ပစ်ခဲ့တာဟာ ကလေးရဲ့အသက်ကို ထိခိုက်နိုင်မှန်း သိရက်နဲ့ လုပ်ဆောင်ခဲ့တာလို့ ရဲတပ်ဖွဲ့က ယူဆထားပြီး အခုလိုရက်စက်ရတဲ့ နောက်ကွယ်က အကြောင်းရင်းမှန်ကို သိရှိနိုင်ဖို့ သက်သေအထောက်အထားတွေကို ဆက်လက်စုဆောင်း စုံစမ်းနေဆဲ ဖြစ်ပါတယ်။

#ထိုင်းရောက်မြန်မာများ #ထိုင်းသတင်း #ထိုင်း

11/06/2026

တိုင်ကြားချက်အရ ဇွန်လ ၁၀ ရက်နေ့က ချင်းမိုင်မြို့၊ နောင်ဟွိုင်ရပ်ကွက်ထဲက ဇိမ်ခံအိမ်ရာဝင်းထဲက နေအိမ်ကို ဝင်ရောက်စစ်ဆေးခဲ့ပါတယ်။ အိမ်ထဲမှာ တည်းခိုနေတဲ့ နိုင်ငံခြားသား ၃ ဦးကို တွေ့ရှိခဲ့ရပါတယ်။

သူတို့က Airbnb ပလက်ဖောင်းကနေတစ်ဆင့် ဇွန်လ ၇ ရက်ကနေ ၁၀ ရက်အထိ ၄ ရက်စာ ကျသင့်ငွေပေးချေပြီး တည်းခိုနေတာဖြစ်ကြောင်း အာဏာပိုင်တွေကို ပြောပြခဲ့ပါတယ်။

တကယ်တော့ အိမ်က တရုတ်နိုင်ငံသားတစ်ယောက်က တစ်နှစ်စာချုပ်နဲ့ ငှားထားပြီး Airbnb မှာ တစ်ရက်ချင်း ပြန်ငှားစားနေတာပါ။

ဒီကိစ္စနဲ့ ပတ်သက်ပြီး အိမ်ရာဝင်းရဲ့ Juristic ရုံးကို သွားမေးတော့လည်း သူတို့ကလည်း အခုလို လူနေအိမ်တွေကို နေ့ပြတ်ငှားစားတာမျိုးက ဟိုတယ်ဥပဒေနဲ့ မညီကြောင်း အိမ်ရှင်တွေအားလုံးကို သတိပေးထားကြောင်း ဆိုပါတယ်။

Juristic ရုံးကနေတဆင့် အိမ်ရှင်ကို ခေါ်လိုက်တော့လည်း အိမ်ရှင်က တရုတ်တစ်ယောက်ကို တစ်နှစ်စာချုပ်နဲ့ ငှားထားတာသာဖြစ်ပြီး အခုလို ရက်ပြတ်ငှားစားနေတာ သူမသိဘူးလို့ ဆိုပါတယ်။
အိမ်ငှားဖြစ်သူ တရုတ်ကိုတော့ ဆက်သွယ်လို့ မရသေးပါဘူးတဲ့။

အာဏာပိုင်တွေဘက်ကတော့ တရားဥပဒေအရ ဆက်လက်အရေးယူနိုင်ဖို့အတွက် အိမ်ငှားစာချုပ်နဲ့ သက်ဆိုင်ရာ စာရွက်စာတမ်းတွေကို မိတ္တူကူးယူထားပြီး ရဲစခန်းမှာ အမှုဖွင့်ဖို့ ပြင်ဆင်နေပါတယ်။ ဒီဖြစ်စဉ်မှာ အိမ်ထဲကို နိုင်ငံခြားသားတွေ လာရောက်တည်းခိုနေထိုင်တာကို TM30 တိုင်မထားတာအတွက် တစ်မှုဖြစ်ပြီး၊ တရားမဝင် ထပ်ဆင့်ငှားစားတဲ့အတွက်လည်း အရေးယူသွားဖို့ ရှိတယ်လို့ ဖော်ပြထားပါတယ်။

Photo- Chiang Mai News

#ချင်းမိုင် #ချင်းမိုင်သတင်း #ထိုင်းရောက်မြန်မာများ #ထိုင်းသတင်း #ထိုင်း

11/06/2026

မနေ့ညက ဟန်ဒေါင်းမှာ သက်ကြီးပိုင်း သားအမိနှစ်ဦး ရေချိုးခန်းထဲမှာ ဓာတ်လိုက်ရာက ေ-သဆုံးသွားခဲ့ပါတယ်။ အသက် ၆၀​ အရွယ် မိခင်နဲ့ အသက် ၄၀ ပိုင်း သားဖြစ်သူတို့ ကွယ်လွန်သွားခဲ့ပြီး ချွေးမဖြစ်သူက ဒဏ်ရာရရှိသွားတာပါ။

ဖြစ်စဉ်ကတော့ မိခင်ဖြစ်သူက ရေချိုးဖို့ ဝင်သွားပြီးနောက် ရေပူစက် (water heater) ကနေ ဓာတ်လိုက်ခံရပြီး လဲကျသွားခဲ့ပါတယ်။ အသံတွေကြားရတော့ သားဖြစ်သူနဲ့ ချွေးမတို့က လာကြည့်ရာမှာ ဓာတ်လိုက်နေတာတွေ့လို့ ဝင်ဆွဲကြပါတယ်။ ဒါပေမဲ့​ ရေချိုးခန်းထဲမှာ လျှစ်စစ်စီးနေတုန်းပဲမို့ သူတို့နှစ်ဦးကိုပါ ဓာတ်လိုက်သွားပါတော့တယ်။ ဒီဖြစ်ရပ်ကြောင့် မိခင်ဖြစ်သူနဲ့ သားတို့က ကယ်ဆေးရေးတွေ​ ရောက်လာချိန်မှာ သတိလစ်နေပါပြီ။

ကယ်ဆယ်ရေးအဖွဲ့တွေက နှလုံးနှိုးစက် (AED) တွေ၊ နှလုံးနှိပ်နယ်တာ (CPR) တွေ သုံးပြီး မိခင်နဲ့သားကို အသက်လု ကယ်တင်ဖို့ အစွမ်းကုန် ကြိုးစားခဲ့ကြပေမဲ့လည်း ဓာတ်လိုက်တဲ့အရှိန်က အရမ်းပြင်းထန်လွန်းတာကြောင့် ဟန်ဒေါင်းဆေးရုံက ဆေးအဖွဲ့တွေ ရောက်လာချိန်မှာတော့ မိခင်နဲ့သား နှစ်ဦးစလုံး အခင်းဖြစ်နေရာမှာတင် ကွယ်လွန်သွားခဲ့ပြီဖြစ်ကြောင်း ဆရာဝန်တွေက အတည်ပြုခဲ့ပါတယ်။

ဒီဓာတ်လိုက်မှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး တိကျတဲ့ အကြောင်းရင်းမှန်ကို သိရှိနိုင်ဖို့အတွက် သက်ဆိုင်ရာ ရဲတပ်ဖွဲ့နဲ့ လျှပ်စစ်ကျွမ်းကျင်ပညာရှင်တွေက အခင်းဖြစ်ပွားရာအိမ်ကို အသေးစိတ် ဆက်လက်စစ်ဆေးနေတယ်လို့ သိရပါတယ်။

Ref - Chiangmai News

#ချင်းမိုင် #ချင်းမိုင်သတင်း #ထိုင်းရောက်မြန်မာများ #ထိုင်းသတင်း #ထိုင်း

ต้องการให้ธุรกิจของคุณ ธุรกิจ ขึ้นเป็นอันดับหนึ่ง ร้านเสริมสวย ใน Chiang Mai?
คลิกที่นี่เพื่อเป็นสมาชิก?

เว็บไซต์

ที่อยู่


Old City
Chiang Mai